ဧပြီ ၉
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်က ဧပြီ ၈ ရက်တွင် ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်မှုများ ချမှတ်ခဲ့သည်။
ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများအပေါ် အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်နေစဉ် အဓိက၀င်ငွေရှာဖွေနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အရေးယူပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
နိုင်ငံ၏ ကျောက်စိမ်းနှင့် အခြား ကျောက်မျက်များကို တူးဖော်ြခင်းနှင့် စျေးကွက်တင်ရောင်းချခြင်း တို့ကို စီမံနေသည့် မြန်မာကျောက်မျက်ရတနာလုပ်ငန်းနှင့်အကြား စီးပွားရေးပတ်သက်လုပ်ကိုင်မှုများနှင့် အဖိုးတန်ပိုင်ဆိုင်မှုများကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေးနှင့် တာ၀န်ခံမှု ရှိစေရေးအတွက် မဟာမိတ်များနှင့်အတူ အမေရိကန်အနေဖြင့် ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က ပြောသည်။
“စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေကို မရပ်မချင်း သူတို့ရဲ့ ၀င်ငွေလမ်းကြောင်းတွေအပေါ် အမေရိကန်ဘက်က ဆက်ပြီး ဖိအားပေးသွားမယ်ဆိုတာကို ယခု ဒဏ်ခတ်မှု ချမှတ်ခြင်းနဲ့အတူ ကျွန်တော်တို့ဘက်က မက်ဆေ့ချ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဘလင့်ကန်က ပြောသွားခဲ့သည်။
ထို့ပြင် အာဏာသိမ်းစစ်အုပ်စုဘက်မှ မတရား ဖမ်းဆီးထားသူများကို ပြန်မလွှတ်မချင်း၊ မာရှယ်လောနှင့် အရေးပေါ် အခြေအနေ ပြန်မရုပ်မချင်း၊ ဆက်သွယ်ရေး ကန့်သတ်ပိတ်ပင်မှုတွေ ပြန်မဖယ်မရှားမချင်း၊ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်မရောက်မချင်းအထိ အမေရိကန်ဘက်က အဆိုပါ စစ်အုပ်စုအပေါ် ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။