“ တပ်မတော် ဘယ်လမ်း ရွေးထားသလဲ”

“ တပ်မတော် ဘယ်လမ်း ရွေးထားသလဲ”

ဝါရှင်တန်ပို့စ် သတင်းစာဟာ ပွဲဆူသွားစေတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြအပြီး သိပ်မ ကြာခင်မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာဗျူး ကိုဖော်ပြခဲ့ ပြန်ပါတယ်။ အင်တာဗျူး ပြုလုပ်ခဲ့သူကတော့ Senior Associate Editor ဖြစ်တဲ့ Lally Weymouth ပါပဲ။ ဝါရှင်တန်ပို့စ်ရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အင်တာဗျူး ဖော်ပြအပြီးမှာတော့ လက်ရှိ အနေအထားအပေါ် တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ရုပ်လုံးပေါ်လာပါပြီ။ ရွေးကောက်ပွဲရလာဒ်နဲ့ အပြောင်းအလဲ ကာလမှာ တပ်မတော် ဘယ်လိုရပ်တည်နေသလဲ ၊ရှေ့မြန်မာ့နိုင်ငံရေး ရာသီဥတုအခြေအနေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ ဖြေထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောစကားတွေထဲ မှာ သိပ်ပြီး ထူးခြားတာ၊ မထင်မှတ်တာမျိုးတွေတော့ မပါပါဘူး။ အရင် ပြောခဲ့တာတွေ ကိုပြန်ပြီး ပြောတာတွေ ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မလား မေးတဲ့အခါ တွေ့မယ်၊ လာမယ့် ဒီဇင်ဘာလောက် ဖြစ်နိုင်တယ် ဆိုပြီး ဖြေပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကြိုက်တာကို ပြောနိုင်တယ်။ သူ့အနေနဲ့ ဖြေသွားမယ် ဆိုတာမျိုးပဲ ပြောပါတယ်။

အရင်က ပြောခဲ့တာတွေရော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခု ဝါရှင်တန်ပို့စ် အင်တာဗျူးမှာ ပြောခဲ့တာတွေကိုပါ အားလုံး ပြန်ခြုံငုံပြီး သုံးသပ်မယ်ဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲရလာဒ်ကို အလေးထား တယ်၊ သမ္မတ ဦးသိန်းစိန်နဲ့ တသဘောထဲ ရှိနေတယ်၊ သမ္မတဦးသိန်းစိန် ပြောဆိုနေတဲ့ အစိုးရအဖွဲ့ တာဝန် လွဲှပြောင်းရေးကို ရှာရှောရှူရှူ ဖြစ်အောင် လုပ်ပေးသွားမယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ) ဖယ်ရှားပေးရေး အပါအဝင် ဖွဲ့စည်းပုံ ပြင်ရေးကိုတော့ ဘာမှ လုပ်ပေးနိုင် ဦးမှာ မဟုတ်သေးဘူးဆိုတဲ့ သဘောမျိုးပါပဲ။
ပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျှော်မှန်းတဲ့ အခြေအနေမျိုးတော့ ဖြစ်ခဲ့ဟန် မတူပါဘူး။ အနည်းဆုံးတော့ သမ္မတ ရွေးချယ် ရေးအတွက် အင်န်အယ်လ်ဒီဟာ တိုင်းရင်းသားတွေနဲ့ဖြစ်စေ အပေးအယူ ညှိနှိုင်းမှု လုပ်ရလိမ့်မယ်လို့ ယူဆ ထားပုံရပါတယ်။ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ လက်ရှိ အခြေအနေလိုပဲ တပ်မတော် နဲ့ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ပေါင်းပြီး အာဏာဆက်လက် ချုပ်ကိုင်သွားရေး ကြိုးစားနိုင်ဦးမယ်လို့ ထင်မှတ်ထားကြပုံ ရပါတယ်။

တကယ့်တကယ် အင်န်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရတာကို မြင်တွေ့လိုက်ရတဲ့အခါ၊ ပြည်ခိုင်ဖြိုးပါတီ ဆိုးဆိုးရွားရွား ရှုံးနိမ့်တာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့အခါ၊ ရွေးကောက်ပွဲ ရလဒ်ကို ဘယ်လို ကြိုးစားဖျက်ဖျက် ပျက်ပြယ်နိုင်ဖို့ မရှိတော့ဘူးဆိုတာ နားလည်သွားတဲ့အခါ အံ့သြသွားကြ ပုံ ရပါတယ်။ ရွေးကောက်ပွဲရလာဒ်အပေါ် ဘယ်လိုတုန့်ပြန်ရမလဲ ကြိုတင်ပြင်ဆင်မှုလည်း ရှိထားပုံ မရပါဘူး။ ဒီအတွက်ပဲ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ တောင်းဆိုတဲ့အခါ ရွေးကောက်ပွဲ ဖြစ်စဉ်တွေအပြီးမှာ တွေ့ဆုံမယ်ဆိုပြီး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဘယ်လို တုန့်ပြန်ရမလဲ အချိန်ယူ ပြင်ဆင် တာမျိုး ဖြစ်နိုင်ပါတယ်။

အခုနောက်ဆုံး နားလည်ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန်နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အစိုးရအာဏာကို လွဲှပေးမယ်ဆိုတဲ့ သဘော တွေ့မြင်လာရပါတယ်။ အဲဒီအတိုင်းသာ ဖြစ်ခဲ့ ရင်တော့ ရာစုနှစ်တစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ မဖြစ်ပျက်ခဲ့ဖူးသေးတဲ့ အပြောင်းအလဲကို မြင်တွေ့လာ ရနိုင်ပါတယ်။ တပ်မတော်က ဒီအခြေအနေကို ဘာကြောင့် လက်ခံလာတာပါလဲ။ ဒီလို ဖြစ်လာရတာမှာ အကြောင်းချင်းရာ တစ်ချက်မက ရှိနိုင်ပါတယ်။ ပထမ အချက်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကြောင့် ဖြစ်နိုင်ပါတယ်။ တပ်မတော်ဟာ ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံတဲ့နည်း ပြန်ကျင့် သုံးခြင်းအားဖြင့် နိုင်ငံတကာ မိသားစုနဲ့ နောက်တစ်ကြိမ် ကင်းကွာသွားမှာမျိုး လိုလားပုံ မပြတော့ပါဘူး။ နောက်တစ်ကြိမ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ရင်ဆိုင်လိုပုံလည်း မရတော့ပါဘူး။ အဲလို အခြေအနေတွေဖြစ်လာရင် တိုင်းပြည်နဲ့ ပြည်သူကို နောက်တစ်ကြိမ် အမှောင်ထုထဲ၊ ချောက်ထဲ ဆွဲချ လိုက်သလို ဖြစ်သွားမှာကို သိနားလည်ပုံ ရလာတာလည်း ဖြစ်နိုင်ပါတယ်။

ဒုတိယ တစ်ချက်ကတော့ ပြည်သူလူထုကြီးရဲ့ ဆန္ဒပါ။ ပြည်သူလူထုကြီးရဲ့ တခဲနက် ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲရလာဒ်ကို လက်မခံရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာဟာ တိုင်းပြည် အတွက် အလွန်ကြီးမားတဲ့ အကြပ်အတည်းထဲ ရောက်သွားနိုင်ပါတယ်။ ဒီတစ်ကြိမ် ပြဿနာပေါ်လာရင် အရင် အချိန် အခါတွေတုန်းကလို တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ နောက်မှာ တပ်မတော်ကြီးတစ်ခုလုံး ပါလာမယ်၊ ပါမလာဘူး ဆိုတာကလည်း တပ်အပ် မပြောနိုင်တဲ့ အနေအထားမျိုးမို့ ဒါကို တွက်ဆမိပုံလည်း ရပါတယ်။ တတိယ ပြဿနာကတော့ မြန်မာနိုင်ငံ အရှေ့ပိုင်း တရုတ်နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ အချုပ်အခြာ အာဏာကို စိန်ခေါ်နေတဲ့ ပြဿနာ၊ တပ်မတော်အပေါ် မထီမဲ့မြင် ပြုနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ တပ်မတော် ဟာ နိုင်ငံတကာ မိသားစုနဲ့ ပြည်သူတွေအားလုံးကို ကျောခိုင်းပြီး အရင်ခေတ်တုန်းကလို တရုတ်ရင်ခွင်ကို ပြန်ပြီး ခိုလှုံလိုခြင်း မရှိတာကို တွေ့ရပါတယ်။ တရုတ်နယ်စပ် လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ရဲ့ အချုပ် အခြာအာဏာကို ထိပါးနေတဲ့ကိစ္စ ကောင်းကောင်း ကိုင်တွယ်လိုတဲ့ သဘောထားကြောင့်လည်း ရွေးကောက် ပွဲရလာဒ်ကို လက်ခံတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားအတိုင်း တပ်မတော်ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အစိုးရအာဏာကို ငြင်ငြင်သာသာ လွဲှပြောင်းပေးမယ်ဆိုတဲ့ ရပ်တည်ချက်ဟာ တိုင်းပြည် အတွက် အလွန်ကြီးမားတဲ့ အပေါင်းလက္ခဏာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း စာမျက်နှာသစ်လည်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ဒီအခြေအနေ အောက်မှာ အသွင်ကူးပြောင်းရေးကို တပ်မတော်နဲ့ ပူးပေါင်းပြီး အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required