ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မြင့်တက်နေလို့ ဂျကာတာမြို့တော်မှာ သုဿန်မြေနေရာတွေ တိုးချဲ့ 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မြင့်တက်နေလို့ ဂျကာတာမြို့တော်မှာ သုဿန်မြေနေရာတွေ တိုးချဲ့ 
Photo - AFP

ဇန်နဝါရီလ ၃၀ ၊ ၂၀၂၁

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေတာကြောင့် ဂျကာတာမြို့တော်မှာဆိုရင် သေဆုံးသူတွေ မြုပ်နှံဖို့အတွက် သုဿန်မြေနေရာတွေကို တိုးချဲ့နေရပါတယ်။ 

အခု သီတင်းပတ်ထဲမှာပဲ အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း တစ်သန်းကျော် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်ဖြစ်ပွားနှုန်း တိုးများနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းစဉ်ကိုလည်း ကျွန်းစုနိုင်ငံအနေနဲ့ ဆောင်ရွက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ 

လူဦးရေ သန်း ၂၇၀ နီးပါးရှိတဲ့ အရှေ့တောင်အာရှ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ် ကူးစက်သူပေါင်း စံချိန်တင် ၁၀၃၅၀၀၀ ဦးကျော် ရှိပြီး သေဆုံးသူ ၃၀၀၀၀ ဝန်းကျင်ရှိနေပါတယ်။ မြို့တော်တစ်ခုတည်းမှာတင် ကူးစက်သူနှုန်းက ၂၅၀၀၀၀ ကျော်ပြီး သေဆုံးသူ ၅၀၀၀ နီးပါး ရှိနေတာပါ။  

ခုလို ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်သလို သေဆုံးသူနှုန်းလည်း တိုးများတာကြောင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးရုပ်အလောင်းတွေကို မြုပ်နှံပေးဖို့အတွက် သုဿန်မြေနေရာ တိုးချဲ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

မြို့တော်ရဲ့ အကြီးဆုံး သုဿန်ဖြစ်တဲ့ အရှေ့ဂျကာတာက ပွန်ဒေါ့ရန်ဂွန် သုဿန်သင်္ချိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅၀၀ ကျော်ကို မြုပ်နှံပေးပြီးနောက်မှာတော့ နေရာလွတ်မကျန်ရှိတော့ပါဘူး။  

ဌာနေအာဏာပိုင်တွေက ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို မြုပ်နှံဖို့အတွက် အခြား သုဿန်တွေမှာ မြေနေရာလွတ်တွေ ဖော်ယူခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းဂျကာတာက ဆရန်ဆန်စာဝတ်သုဿန်မှာ မြေနေရာချဲ့ပြီးတာတောင် နှစ်ပတ်မပြည့်ခင်မှာပဲ နေရာအကုန်ပြည့်ပြီး နေရာလွတ်မကျန်တော့ပါ။ 

အရှေ့ဂျကာတာက ဘမ်ဘူအပတ်စ်သုဿန်မှာလည်း မြေနေရာ တိုးချဲ့ဖော်ထားပေမယ့် သီတင်းပတ်တွေအတွင်း နေရာအကုန်ပြည့်သွားလိမ့်မယ်လို့ စိုးရိမ်ပူပန်နေရပါတယ်။ 

အာရှမှာ ကိုဗစ်-၁၉ ကပ်ဘေးကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ဒီ နိုင်ငံအတွင်းမှာ လူနာဦးရေ များပြားလွန်းတာကြောင့် ဆေးရုံအချို့ဟာ ဝန်ပိလျက် ရှိနေပြီလို့ ကျန်းမာရေးပညာရှင်တွေကလည်း သတိပေးထားပါတယ်။ 

စမ်းသပ်စစ်ဆေးမှုနှုန်း နည်းပါးတာကြောင့် အမှန်ကူးစက်သူဦးရေဟာ ခန့်မှန်းနှုန်းထားထက် အတော်လေး ပိုများနေနိုင်မယ်လို့လည်း ယူဆထားကြပါတယ်။ 

“တော်တော်လေး ကြာကတည်းက နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ တစ်သန်းကျော်နေလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆတယ်။”လို့ အင်ဒိုနီးရှားတက္ကသိုလ်က ရောဂါဗေဒပညာရှင် ပန်ဒူရီယိုနိုက ပြောပါတယ်။  

“ကူးစက်နှုန်းက ဆက်လက်မြင့်တက်နေတုန်းပဲ၊ ဘယ်ကာလမှာ အထွဋ်အထိပ်ထိ မြင့်တက်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး၊ နှုန်းထား တက်မဆုံး ရှိနေတော့တာပဲ။”လို့ သူက ဆိုပါတယ်။  

အင်ဒိုနီးရှားအစိုးရဟာ ကမ္ဘာမှာ လူ နှစ်သန်းကျော်ထက်မနည်း သေဆုံးရပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို အစောပိုင်းက လျော့ပေါ့ပြောဆိုခဲ့တာအတွက် ကျယ်ကျယ်ပြန့်ပြန် ဝေဖန်ခံရသလို လူအသေအဆုံးများတဲ့ ဒီ ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းဖို့ မဟာဗျူဟာ ချို့တဲ့တာအတွက်လည်း ပြစ်တင်ဝေဖန်ခံနေရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required