ကမ္ဘာ့မြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင်လှုပ်ခြင်း ဟုခေါ်သည်။
ငလျင်လှုပ်ရခြင်း အကြောင်းရင်း
- မြေအောက်ကျောက်လွှာများလှုပ်ရှားမှု(အဖြစ် အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီးဆုံးရှုံးမှု အများဆုံး)
- မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထုချပ်ကြီးများ တစ်ခုနှင့်တစ်ခုတွန်းကန်မှု(သို့) ကျွံကျနိမ့်ဆင်းမှု(ဖျက်ဆီးအား ပြင်ထန်လေ့မရှိ)၊ ဖေါက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအား ပြင်းထန်သည့် လူတို့လုပ်ဆောင်မှု
ငလျင်ရပ်ဝန်းဒေသ
ဟိမဝန္တာတောင်တန်း ငလျင်ရပ်ဝန်းဒေသနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ ငလျင်ဘေး ဖြစ်ပွားစေသောငလျင် ကြောများမှာ-
- ကချင်ပြည်နယ်ပူတာအို အနီးမှ စတင်ခဲ့ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်းဆက်ဆင်းလာ၍ စစ်တောင်း မြစ်ဝှမ်းကို ဖြတ်ပြီးနောက် မုတ္တမပင်လယ်ကွေ့အတွင်း ဝင်ရောက်သွားသည့် စစ်ကိုင်းပြတ်ရွေ့
- စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝအနီး တောင် မြောက်တန်းလျက် တည်နေသည့် ကဘော်ပြတ်ရွေ့
- ပြင်ဦးလွင်အနီးမှ စတင်၍ တောင်ကြီးမြို့အနီးတိုင် တောင်မြောက် တန်းလျှက်တည်နေသည့် ကျောက်ကြမ်းပြတ်ရွေ့
- ရှမ်းပြည်နယ်မြောက်ပိုင်း အေရှေ့၊ အနောက်တန်းလျက် တည်နေသည့် မိုးမိတ်ပြတ်ရွေ့
ငလျင်ဘေးကိုအလေးထားရမည့်ဒေသများ
- ငလျင်ဘေးအန္တရာယ် ဆိုးဆိုးဝါးဝါးကြုံတွေ့နိုင်သော ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပါသည်။
- ငလျင်အရှိန်တုံ့ပြန်ကျရောက်မှုသည် အထပ်နိမ့် များတွင် ပိုမိုများပါသည်။ အုတ်၊ အုတ်ညှပ်၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်သော အထပ်နိမ့်အပါအဝင် အဆောက်အဦးအားလုံး ငလျင်ဘေး အန္တရာယ်လျော့ပါးစေရန် ကြိုတင်ပြင်ဆင်ထာားရန် အထူးလိုအပ်ပါသည်။ အထပ်နိမ့်၊ အထပ်မြင့် အဆောက်အဦးများအားလုံး စနစ်တကျ တည်ဆောက်ရန် လိုအပ်ပါသည်။ အထူးအဖြင့် လူဦးရေ ထူထပ်သည့် မြို့တော်ကြီးများသည် ငလျင်ဘေး အန္တရာယ်လျော့ပါးစေရန် ကြိုတင်ပြင်ဆင်ထားရမည့်နေရာဒေသ များဖြစ်ကြပါသည်။
ငလျင်ကြောင့်ဖြစ်သောဆိုးကျိုးများ
- အဆောက်အဦးများ၊ အခြေခံအဆောက်အဦးများပြိုကျပျက်စီးခြင်းကြောင့် သေကြေပျက်စီးမှု ကြီးမားစေနိုင်ပါသည်။
- မီးလောင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။
- ရေလွှမ်းခံရသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မိလ္လာစနစ်ထိခိုက်ပျက်ပြားခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည်။
- မြေအောက်ရေများ၊ ငလျင်အရှိန်ကြောင့် ရေဖိအား များဖြင့်တက်ပြီး မြေပြင်မှရေများ၊ သဲများပန်းထွက်ခြင်း၊ ရေတွင်းများပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။
ဆိုးကျိုးဖြစ်စေသည့်အကြောင်းရင်း
- ငလျင်အန္တရာယ်ဆိုင်ရာ ကြိုတင် သတင်းအချက် အလက်များမရနိုင်ခြင်း၊ ကြိုတင်မခန့်မှန်းနိုင်ခြင်း။
- ငလျင်ဖြစ်ပေါ်ရာ နယ်မြေများတွင် လူနေထူထပ်ပြီးအဆောက်အဦးများ သိပ်သည်းစွာ တည်ဆောက်ထားခြင်း။
- ငလျင်ဒဏ်ကို မခံနိုင်သောအဆောက်အဦးများတွင် နေထိုင်ခြင်း။
- ငလျင်အန္တရာယ်ဆိုင်ရာ ဗဟုသုတများသိရှိမှု နည်းပါးခြင်း။
ကြိုတင်ကာကွယ်ခြင်း
- ငလျင်မည်သည့် အချိန်တွင်ဖြစ်မည်က ို ကြိုတင်သိနိုင်စွမ်းမရှိသဖြင့် ဒေသအလိုက် ငလျင်ဒဏ်ခံနိုင် ရည်ရှိမည့် အဆောက်အဦးများ တည်ဆောက်ပါ။
- ပင်လယ်ဒီလှိုင်း(ဆူနာမီ) ကျရောက်တတ်သည့် နေရာများနှင့် မြေသားမခိုင်မာသည့်နေရာများတွင် အဆောက်အဦးများဆောက်လုပ်ခြင်း မပြုရန်၊
- ရှေ့ဦးသူနာပြုသေတ္တာများထားရှိပါ။
- ပြိုကျနိုင်သော သက်တမ်းလွန် အဆောက်အဦးများကို ဖယ်ရှားပါ (သို့) ခိုင်ခန့်အောင် ပြင်ဆင်ပါ။
ငလျင်လှုပ်စဉ်ဆောင်ရွက်ရန်
- ငလျင်လှုပ်စဉ် စိတ်ကိုတည်ငြိမ်စွာ ထားပြီး ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အဦးများ အနီးမှ အမြန်ဆုံး ရှောင်ရှားပါ၊
- အိမ်ထဲတွင် ရှိနေပါက ကုတင်၊စားပွဲ ခုံအောက် ဝင်နေပါ၊ ကုတင်၊ စားပွဲများ မရှိလျှင် အဆောက်အဦး၏ အတွင်းနံရံတလျှောက်(သို့) ထောင့်တစ်ခုခုတွင် အကာကွယ်ယူပါ။
- ငလျင်လှုပ်နေစဉ် အိမ်အပြင် မထွက်ပါနှင့်၊
- အိပ်ယာထဲရောက်နေပါက ခေါင်းကို ခေါင်းအုံးအောက်မှာ ထားပြီး ကာကွယ်ပါ။
- အထပ်မြင့်တိုက်တွင် ရှိနေပါက ပြတင်းပေါက်၊ဝရံတာနှင့် ဝေးဝေးနေပါ။
- မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အဦးအတွင်း မနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။
- အဆောက်အဦးကို စွန့်ခွာရမည်ဆိုလျှင် ဓါတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ၊
- အိမ်အပြင်ရောက်နေပါက အပြင်မှာမှာပဲဆက်နေပါ၊ အဆောက်အဦး၊ သစ်ပင်၊ မီးတိုင်၊ ဓါတ်ကြိုးများနှင့် ကင်းလွတ်ရာတွင် နေပါ။ မြေပြင်မှာ ဝပ်နေပါ။
- ကားထဲတွင်ရှိနေပါက ကားကိုအရှိန်လျှော့ပြီး ဘေးကင်းမည့် နေရာကို မောင်းသွားပြီး ရပ်ထားပါ။ ကားထဲမှာပဲနေပါ။
- ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများ ဖြစ်ပါက မြေပြင်တောင်ကုန်းရှိရာနေရာသို့ အမြန်ဆုံးသွားပါ။
- လျှပ်စစ်ဓါတ်ကြိုးများနှင့် ကွဲရှထိခိုက်နိုင်မည့်အရာများကို သတိထား ရှောင်းရှားပါ။
- မီးများ ငြိမ်းသတ်ထားပါ။
- မိသားစုများ တကွဲတပြားဖြစ် သွားနိုင်ပါက ပြန်ဆုံရမည့်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
ငလျှင်လှုပ်ပြီးနောက်ဆောင်ရွက်ရန်
- အင်အားကြီးသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင် ဆက်မလှုပ်မီ အဆောက်အဦး အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ပါ။
- ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့် နေရာများတွင် ခေတ္တယာယီနေပါ။
- ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ် ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာ နှင့် ဆည်များပြိုကျခြင်း၊ တောင်ပြိုကျခြင်းတို့ ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်တတ်သဖြင့် မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။
ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကို ကူညီပြီး ရှေးဦးပြုစုပါ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မကျန်းမာသူများ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးကယ်တင်ပါ၊ အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကို မသုံးပါနှင့်၊ မီးလောင်နိုင်ပါသည်။