ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးခေါ်ယူခြင်းအား ပယ်ဖျက်

By မင်းထက် (ပုသိမ်)
12 January 2021
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးခေါ်ယူခြင်းအား ပယ်ဖျက်

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်

ပုသိမ် ။ ။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ ထားခြင်းအား ပယ်ဖျက်လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ ပြောသည်။

ယခင်က ဇန်နဝါရီလ ၁၄ရက်နေ့တွင် လွှတ်တော်အစည်းအဝေး ကျင်းပရန်ခေါ်ယူထားခဲ့သော်လည်း ဇန်နဝါရီလ ၁၁ရက်နေ့တွင် လွှတ်တော်အစည်းအဝေးခေါ်ယူခြင်းအား ပယ်ဖျက်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အွန်လိုင်းစာမျက်နှာမှ ကြေညာခဲ့ခြင်းဖြစ်သည်။

"တိုင်းဒေသကြီးလွှတ်တော်က ပြည်ထောင်စုနဲ့ ဆက်စပ်ပြီးကျင်းပရတယ် အခုပြည်ထောင်စုက တတိယအကြိမ်လွှတ်တော်ကျင်းပဖို့ ကြေငြာလိုက်တော့ ပြည်နယ်တိုင်းတွေက ကျန်နေတဲ့ကိစ္စကို နောက်လွှတ်တော်သက်တမ်းမှာပဲ ဆက်လုပ်သွားမှာပါ"ဟု ဦးအောင်ကျော်ခိုင်မှ ပြောသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး ခေါ်ယူခြင်းအား ပယ်ဖျက်ခြင်းနှင့်ပတ်သတ်ပြီး ဝါးခယ်မမြို့နယ် အမှတ် (၂)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက "အန်တီတို့က နောက်ဆုံးအကြိမ်လွှတ်တော်ဆိုတာ ငါးနှစ်သက်တမ်းမှာ လုပ်ဆောင်ခဲ့တဲ့လုပ်ဆောင်ချက်တွေကိုဖော်ပြရမှာလေ၊ အစီရင်ခံစာတွေဘာတွေတင်ရမှာပေါ့ ။ အခုက အစီရင်ခံစာတွေကို သူ့ဆီကိုတင်လို့ပြောတာ သိပ်သဘာဝမကျဘူးလေ။ အခုလိုပယ်ဖျက်လိုက်တော့ ဘာမှပြောခွင့်မရှိတော့ဘူး။ လွှတ်တော်ဆိုတာက အစိုးရကိုထိန်း ကျောင်းရတဲ့အလုပ်လေ။ ဒီလိုအချိန်မှာ မေးခွန်းတွေ အဆိုတွေတင်သွင်းရမှာမျိုးတွေရှိတာပေါ့ ။ အန်တီကတော့ဒီလို ပယ်ဖျက်တာမှားယွင်းတယ်လို့ယူဆတယ်။ ဘတ်ဂျက် ကိစ္စတွေကတော့ ဆက်လုပ်စရာတွေရှိတယ်လေ အဲ့တာကနောက်လွှတ်တော်သက်တမ်းမှာလုပ်မှာပေါ့" ဟု
ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး ပထမအကြိမ်လွှတ်တော်နောက်ဆုံးအစည်းအဝေးအား ဖျက်သိမ်းခြင်းမျိုးမရှိဘဲ လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပခဲ့သည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အား ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ပုံမှန်အစည်းအဝေး (၂၄)ကြိမ်၊အရေးပေါ်အစည်းအဝေး (၄)ကြိမ်နှင့် အထူးအစည်းအဝေး(၁)ကြိမ်ကျင်းပခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှတ်တမ်းများအရ သိရသည်။
လွှတ်တော်အစည်းအဝေးများတွင်ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၁၀၇၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၁၉ ခုအားမေးမြန်းခဲ့ပြီး ဦးမန်းဂျော်နီ (ကျုံပျော်မြို့နယ်)၊ ဦးဝင်းလှိုင် (ကျိုက်လတ်မြို့နယ်)နှင့် ဦးခင်ဝင်း(ဒေးဒရဲမြို့နယ်)တို့သည် မည့်သည့်မေးခွန်းများကိုမှမေးမြန်းခဲ့ခြင်းမရှိကြောင်းသိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၈ဦးတွင် ခြောက်ဦးင ကြယ်ပွင့်ပြမေးခွန်း ခုနှစ်ခု၊ကြယ်ပွင့်မပြမေးခွန်း တစ်ခုအား မေးမြန်းခဲ့ကြောင်းသိရသည်။လွှတ်တော်တွင် မေးမြန်းဆွေးနွေးခဲ့သော မေးခွန်းများ အဆိုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ ကတိကဝတ်နှင့်ဖော်ဆောင်နိုင်မှုသည် ကြယ်ပွင့်ပြမေးခွန်းများတွင် ၃၀.၉ ရာခိုင်နှုန်း၊ ကြယ်ပွင့်မပြမေးခွန်းများ၌ ဝ.၈၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly