ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် တောင်ကိုးရီးယားက ကာကွယ်ဆေး သန်းပေါင်းများစွာ ဝယ်ယူ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် တောင်ကိုးရီးယားက ကာကွယ်ဆေး သန်းပေါင်းများစွာ ဝယ်ယူ 

ဒီဇင်ဘာ ၈ 

တောင်ကိုရီးယားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းသည် ဆေးပညာစနစ်ကို လွှမ်းမိုးသွားနိုင်သည်ဟု အာဏာပိုင်များက သတိပေးနေစဉ်မှာပင် အစိုးရသည် လာမည့်နှစ်၌ လူဦးရေ ၄၄ သန်းအတွက် ကာကွယ်ဆေးဝယ်ယူရေး သဘောတူညီချက်များကို လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောသည်။ 

အစိုးရသည် Astrazeneca Plc၊ Pfizer Inc နှင့် Moderna Inc ကုမ္ပဏီတို့မှ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀ စီနှင့် Johnson & Johnson’s Janssen ကုမ္ပဏီမှ ကာကွယ်ဆေး လေးသန်းတို့ကို လူဦးရေ ၃၄ သန်းအား  ကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် ဝယ်ယူရန် စီစဉ်ထားသည်ဟု ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောသည်။

နောက်ထပ် လူဦးရေ ၁၀ သန်းအတွက်ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိအောင်ကူညီပေးမည့်အဖွဲ့ COVAX ၏ အစီအစဉ်ဖြင့် ဝယ်ယူသွားမည်ဟု ဆိုသည်။ 

ကာကွယ်ဆေးတင်သွင်းမှုကို လာမည့်နှစ် မတ်လထက်နောက်မကျစေရန် စီစဉ်ထားသော်လည်း ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုသေချာစေရန် တခြားနိုင်ငံများတွင် ကာကွယ်ဆေးအလုပ်ဖြစ်မှုကို လပေါင်းများစွာ စောင့်ကြည့်သွားမည်ဟု အာဏာပိုင်များက ပြောသည်။ လာမည့်နှစ်ဝက်မှစတင်၍  ကာကွယ်ဆေးထိုးနှံမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ ကုသမှုဆိုင်ရာ ခံနိုင်ရည်အားနည်းသူများနှင့် လူမှုဝန်ထမ်းများကို ပထမဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။ 

တောင်ကိုရီးယားတွင် တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် ၅၉၄ ဦးတွေ့ရှိခဲ့သောကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၃၈ ၇၅၅ ဦးရှိပြီဖြစ်ကာ ၅၅၂ ဦးသေဆုံးထားသည်။

ယခုသီတင်းပတ်အတွင်း တစ်နေ့တာ ရောဂါကူးစက်ခံရသူ ၅၅၀ နှင့် ၇၅၀ အကြားရှိပြီး လာမည့်သီတင်းပတ်၌ ၉၀၀ ဦးအထိ မြင့်တက်နိုင်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ခန့်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly