ပြင်သစ်မှာ လုံခြုံရေးဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက် 

ပြင်သစ်မှာ လုံခြုံရေးဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက် 
Photo - AFP

ဒီဇင်ဘာ ၆ 

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လုံခြုံရေးဥပဒေသစ်တစ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခု ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်မှု အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။  

ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့သလို ကားတွေ မီးရှို့ခံရတာတွေ၊ ဈေးဆိုင်ပြတင်းပေါက်တွေ ရိုက်ခွဲခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

အပတ်စဉ် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကတော့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ဦးဆောင်တဲ့ အစိုးရအတွက် အဓိက ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာနေပြီး ပြီးခဲ့တဲ့လက လူမည်း တေးဂီတထုတ်လုပ်သူတစ်ဦးကို ရဲတွေက ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့်လည်း တင်းမာမှုတွေ အရှိန်မြင့်တက်ထားခဲ့ပါတယ်။ 

အဝါရောင် ရောင်ပြန်စွပ်ကျယ်ဝတ်တွေလို့ သိခဲ့ကြတဲ့ လှုပ်ရှားမှုရဲ့ အဖွဲ့ဝင်တွေက ဒီ စုဝေးဆန္ဒပြပွဲမှာ အဓိက ပေါ်လွင်ထင်ရှားနေခဲ့ပါတယ်။ အဆိုပါ အဝါရောင် ရောင်ပြန်စွပ်ကျယ်ဝတ် ဆန္ဒပြလှုပ်ရှားမှုကတော့ ၂၀၁၈-၂၀၁၉ ဆောင်းရာသီကာလက ပြင်သစ်မှာ တန်းတူညီမျှမှု မရှိမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့အတူ မက်ခရွန်ကို တုန်လှုပ်ထားစေခဲ့ပါတယ်။ 

ယမန်နေ့ ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူ ထောင်နဲ့ချီတို့ဟာ ပါရီမြို့ရှိ ရီပတ်ဘလစ် ရင်ပြင်ဆီ ချီတက်ခဲ့ကြချိန် လမ်းတစ်လျှောက် စူပါမားကတ်တစ်ခု၊ အိမ်ခြံမြေ အေဂျင်စီနဲ့ ဘဏ်တစ်ခုရဲ့ မှန်ပြတင်းတွေ ရိုက်ခွဲခံခဲ့ရသလို ကားတစ်ချို့လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။ 

အဲဒီနောက် မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး တုံ့ပြန်ခဲ့တဲ့ ရဲတွေဟာလည်း အရာဝတ္ထု ပစ္စည်းတွေနဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။ ရဲတွေဘက်က ဆန္ဒပြသူတွေကို မီးသတ်ပိုက်သုံးပြီး လူစုခွဲခဲ့တာတွေရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေတုန်းက ပြင်းထန်ကြမ်းတမ်းတဲ့ မြင်ကွင်းမျိုးတွေကို ယခုအခါ ထပ်မံမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေ ကန့်ကွက်နေတဲ့ လုံခြုံရေးဥပဒေကတော့ ရဲတွေရဲ့ မျက်နှာပုံတွေ ရိုက်ယူပြသထားတဲ့ ဓာတ်ပုံတွေ မီဒီယာမှာ ဖော်ပြထုတ်ဝေမှုအပေါ် ကန့်သတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

ဆန္ဒပြသူတစ်ချို့ဟာ လမ်းတွေပေါ်မှာ ရှိနေတဲ့ အရာပစ္စည်းတွေကို သုံးပြီးတော့  အရံအတားတွေကို လက်တန်း ဖန်တီးပြီး မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ဘဏ်တစ်ခုထဲ ရိုက်ချိုးဝင်ရောက်ပြီး လှန်လှော မွှေနှောက်ကာ စာရွက်စာတမ်း အချို့ယူပြီး လမ်းပေါ်မှာ မီးရှို့ခဲ့ပါတယ်။ 

ဒါ့အပြင် ဆန္ဒပြသူတွေဟာ မီးခိုးဗုံးတွေ၊ ဗြောက်အိုးတွေ ပစ်ဖောက်ခဲ့ပြီး “လူတိုင်း ရဲတွေကို မုန်းကြတယ်” ဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ 

ပါရီမြို့က ရဲတွေကတော့ အင်မတန် ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံနေရပြီ ဆိုပြီး ပြည်ထဲရေးဝန်ကြီး ဂျရေး ဒါမန်နင်က တွစ်တာမှာ ရေးခဲ့ပါတယ်။ 

ဒီဇင်ဘာ ၅ ရက်အထိ လူ ၁၃ ဦးကို ထိန်းသိမ်းထားခဲ့ရကြောင်း ပါရီ ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးခဲ့ပါတယ်။ ဒါ့အပြင် ရဲသတင်းရင်းမြစ်တစ်ဦးကလည်း ခုလို အကြမ်းဖက်ဆန္ဒပြပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အစွန်းရောက် လူပုဂ္ဂိုလ် ၅၀၀ ခန့်အပေါ် အပြစ်တင်သွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required