နက်ရှိုင်း အမြစ်တွယ်နေတဲ့ ပြည်တွင်းအခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူ ပြဿနာ

နက်ရှိုင်း အမြစ်တွယ်နေတဲ့ ပြည်တွင်းအခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူ ပြဿနာ

အဂတိလိုက်စားရေးနဲ့ ပတ်သက်ပြီး မန္တလေးက ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြို့နယ် အခွန်ဦးစီးဌာန စာရေး တစ်ယောက်ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ် မယ့်ကိစ္စ တစ်ခုအတွက် ကျပ်သိန်း ၁၃၀၀ ကျော် လာဒ်ငွေ ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အခွန်ဆောင်ဖို့ ညွှန်ကြားချက် ထွက်လာတဲ့အခါ လာဘ်ငွေပေးထားသူနဲ့ ညှိနှိုင်းထား တဲ့အတိုင်း မဟုတ်ဘဲ တန်ဘိုးများနေတဲ့အတွက် အခွန်ထမ်းက စာရေးကြီးကို ငွေပြန်ရလိုကြောင်း တောင်းဆိုပါတယ်။ စာရေးကြီးက အဲဒီငွေတွေကို အထက်အရာရှိတွေဆီ ခွဲဝေပေးလိုက်ပြီဖြစ်တဲ့ အတွက်ပြန်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒီအခါ အခွန်ထမ်းက သူ့ငွေတွေကို လိမ်လည် ရယူခဲ့တယ် ဆိုပြီး လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တရားစွဲပါတယ်။ အခု အဲဒီ ကိစ္စ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပါ ပါဝင်လာပြီး သူ့ကို ဌာနက အရေးယူဖို့ လုပ်ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ယူမှု ဖြစ်ကြောင်းကုန်စင် ဖော်ထုတ်ဖို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ပြီးကာမှ သူ့ဌာနက သူ့ကို အာမခံ မရနိုင်တဲ့ ပုဒ်မ ၄၀၆ နဲ့ စွဲပြီး အချုပ်ထဲ ထည့်လိုက်တဲ့ ဖြစ်စဉ်ပါ။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။

ချမ်းအေးသာဇံမြို့နယ်မှာ ဖြစ်ခဲ့တဲ့ အဲဒီ အမှု အခြေအနေကို ပြန်ကြည့်ရင် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ပြင်ပမှာ ပြည်သူတွေက အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကြပါတယ်။ အရောင်းအဝယ် လုပ်မှု တရားဝင် ဖြစ်စေဖို့၊ ကိုယ့်အမည်ပေါက် ဖြစ်စေဖို့ အတွက် ပြည်တွင်း အခွန်ဦးစီးဌာနမှာ အခွန်ဆောင်ရပါတယ်။ ဒါပေမယ့်လည်း ကိုယ် တကယ် ရောင်းခဲ့ ဝယ်ခဲ့တဲ့ ဈေးနှုန်းအတိုင်း တင်ပြပြီး အခွန်ဆောင်ရင် အခွန်အတွက် ပေးရငွေ အလွန်များနေမှာမို့ လာဘ်ငွေပေးပြီး ကိုယ်ရောင်းဝယ်တဲ့ အိမ်ခြံမြေ တန်ဘိုးကို လျော့ချသတ်မှတ် အခွန်ဆောင်တာ ဖြစ်ပါတယ်။

လက်ရှိ အိမ်ခြံမြေ အရောင်းအဝယ် အတွက် အခွန်ဆောင်တဲ့ ပုံစံက ခုလိုပါ။ ပြည်တွင်း အခွန်များဦးစီးဌာနဟာ အရောင်းအဝယ် လုပ်ထားသူတွေ လာပြီး တင်ပြတဲ့ ရောင်းဝယ်တဲ့ ဈေးနှုန်းကို အတည် မယူပါဘူး။ သူတို့မှာ စာရင်းပြုစုထားတဲ့ ရာဖြတ် တန်ဘိုးတွေ ရှိပါတယ်။ မြို့နယ်အလိုက်၊ လမ်းအလိုက်၊ မြေ အမျိုးအစားအလိုက်၊ တိုက်တာ အိမ် အခြေအနေအလိုက် အကြမ်းဖျဉ်း သတ်မှတ်ထားချက် ပါ။ ဥပဒေအရ အဲဒီ သတ်မှတ်ချက်တွေနဲ့ ဘောင်ဝင်အောင် တန်ဘိုးဖြတ်ရပါတယ်။ တန်ဘိုးဖြတ်ပြီးတဲ့အခါကျမှ ကျသင့်မယ့် အခွန်ငွေကို တွက်ချက်ပါတယ်။ မြန်မာနိုင်ငံ အခွန်ကောက်ခံမှု စနစ်က ထူးဆန်းပါတယ်။ အရောင်းအဝယ်လုပ်မယ့် အိမ်ခြံမြေ တန်ဘိုးက မြင့်လေလေ၊ ဆောင်ရမယ့် အခွန်နှုန်းထားက မြင့်လေလေပါပဲ။ အိမ်ခြံမြေ တန်ဘိုးကို အနိမ့်ဆုံး တန်ဘိုးကနေ ကျပ် သိန်း ၁၀၀၀ အထိ ဆိုရင် အခွန် ၃ ရာခိုင်နှုန်း ကောက်ပါတယ်။ ကျပ် သိန်း ၁၀၀၀ ကနေ ၅၀၀၀ကြား ၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀၀ ကနေ ကျပ် သိန်း ၁၅၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ အတူ တကယ် အရောင်းအဝယ် လုပ်ပြီး အခွန် ပေးဆောင်မယ် ဆိုရင် အခွန်အခလည်း မြင့်မားမှာ ဖြစ်ပါတယ်။ ဥပမာ ကျပ် သိန်း ၃ သောင်း တန် မြေကွက် တစ်ကွက် အရောင်းအဝယ် လုပ်ပြီး အခွန်ဆောင်မယ် ဆိုရင် ကျပ် သိန်း ၉ထောင် တိတိ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလောက် တန်ဘိုးရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် အများ အပြား ဖြစ်ပေမယ့် ဘယ်သူမှ မိုက်မဲပြီး အဲလောက် အခွန်မဆောင်ကြပါဘူး။ အခွန်ဌာနကို လာဘ်ငွေပေးပြီး ဆောင်ရမယ့် အခွန်ငွေ လျော့နည်းအောင် ရောင်းချတဲ့ အိမ်ခြံမြေ ရာဖြတ် ဈေးနှုန်းလျော့ ကျအောင် လုပ်ကြရတာချည်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ပြည်တွင်း အခွန်ဦးစီးဌာနမှာ ပုံမှန် လာဒ်ပေးလာဘ်ယူ လုပ်တဲ့ စနစ် ဖြစ်ထွန်းနေသလို အရောင်းအဝယ် လုပ်တဲ့ အိမ်ခြံမြေ တန်ဘိုးမြင့်ရင်မြင့် သလို၊ ပေးရတဲ့ လာဒ်ငွေ တန်ဘိုးလည်း မြင့်နေတာ တွေ့ကြရပါတယ်။ အခု ယူထားတဲ့ လာဒ်ငွေဟာ ကျပ် သိန်း ၁၃၀၀ ကျော်လို့ ဆိုပါတယ်။ နည်းတဲ့ ငွေ မဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီငွေကို အောက်ခြေ မြို့နယ် စာရေး တစ်ယောက်အဆင့်လောက်က ယူပြီး ဘာမှ လုပ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ အဲဒီ လာဘ်ငွေဟာ အထက် အဆင့်ဆင့်ဆီ ရောက်သွားတာဖြစ်ပါ တယ်။ ဥပမာအားဖြင့် မြို့နယ်အဆင့်မှာ ဒီ လာဘ်ငွေကို စာရေးကြီးကနေ လက်ခံတယ် ဆိုတာဟာ ပွဲစားသဘောမျိုးပဲ ဖြစ်ပါတယ်။ တကယ် အဓိက ကျသူက မြို့နယ် အခွန်ဦးစီးမှူးနဲ့ အဲဒီ အိမ်ခြံမြေကို အခွန်တိုက်ရိုက် ကောက်ရတဲ့ လက်ထောက်အခွန်ဦးစီးမှူး အဆင့်ပဲ ဖြစ်ပါတယ်။ ပြီးရင် သူတို့ဟာ လာဘ်ငွေယူထားတဲ့ နှုန်းထားနဲ့ ကိုက်တဲ့ တန်ဘိုးဖြတ်ထားတာကို အတည်ဖြစ်ရအောင်တိုင်း သို့မဟုတ် ပြည်နယ် အခွန်ဦးစီးမှူးကို  လာဘ်ထိုးရပါတယ်။ ဒါလည်း အဲဒီ ရာဖြတ်တန်ဘိုး အတည်ဖြစ်သေးတာ မဟုတ်ပါဘူး။ အဲဒီ သတ်မှတ်လိုက်တဲ့ ရာဖြတ်တန်ဘိုးကို အခွန်ဦးစီးဌာန ရုံးချုပ်အထိ ထပ်ပြီး တင်ပြရပါတယ်။ အဲဒီမှာ ရာဖြတ်ဌာန ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်း မြို့နယ် အသီးသီးက တင်ပြလာတဲ့ အခွန်ဆောင်ဖို့ အိမ်ခြံမြေ ရာဖြတ်နှုန်းကို အတည်ပြုပေးတဲ့ ဌာနပါ။ အဲဒီမှာ အတည်ပြု ချက်ရဖို့ တစ်ခါ လာဘ်ပေးရပြန်ပါတယ်။ အဲဒီက သတ်မှတ်လိုက်တဲ့ ရာဖြတ်နှုန်းထားဟာ အတည်ဖြစ်ပြီး အဲဒီ နှုန်းထားအတိုင်း မြို့နယ် အဆင့်က အခွန်စည်းကြပ်ရတာမျိုးဖြစ်ပါတယ်။

အခုဖြစ်စဉ်မှာကတော့ အောက်ခြေ စာရေးကြီးဟာ အထက် အဆင့်ဆင့်ကို လာဘ်ထိုးတယ်၊ ဒါပေမယ့် တစ်ချို့အဆင့်မှာ လာဘ်ငွေယူပြီး အခွန်ဆောင်မယ့် ရာဖြတ်နှုန်းထားကို လျော့မပေးတာမျိုး လုပ်လို့ အောက်ခြေမှာ လာဘ်ပေးသူနဲ့ လာဘ်ယူသူ အဆင်မပြေ ဖြစ်ကြရတာပါ။ ဒါမျိုး အများကြီးဖြစ်တတ်ပါတယ်။ ဒီကိစ္စမျိုးကို ပြည်သူတွေက “စားပြီးနားမထောင်” လို့ ခေါ်တတ်ကြပါတယ်။

များသောအားဖြင့် အခွန်ထမ်းပြည်သူတွေကတော့ လာဘ်ငွေပေးပြီး သူတို့ ညှိနှိုင်းသလို မဖြစ်ခဲ့ရင်လည်း အခြား တိုင်တာတောတာ မလုပ်ကြတော့ပါဘူး။ အကြောင်းကတော့ အမှုဖြစ်လာရင် ကိုယ်ကိုယ်တိုင် လာဘ်ပေးမှုနဲ့ ထောင်ကျနိုင်လို့ပါပဲ။ အခု ပြသနာမှာကတော့ အတိုင်ခံ၊ အဖမ်းခံရတဲ့ စာရေးကြီးက လာဘ်ယူမှု အရှုတ်တော်ပုံကို ဖွင့်ချတော့မယ့် ဆဲဆဲ အရေးယူခံရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်လက်ထက် အစိုးရ ယန္တယားထဲမှာ အောက်ခြေအထိ အကျင့်ပျက် ချစားမှု ပြသနာ ရှိမြဲ ရှိဆဲ၊ ဘာအရေးယူ ကိုင်တွယ်မှုမှလည်း မရှိ ဖြစ်နေဆဲ ဆိုတာဒီ ပြသနာ မျိုးက မီးမောင်းထိုးပြသလို ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required