COVID-19 လုပ်ငန်းများအတွက်ဖြေရှင်းရာတွင် အမိန့်စောင့်ရန်မလိုဟု တပ်ချုပ်ပြောကြား

COVID-19 လုပ်ငန်းများအတွက်ဖြေရှင်းရာတွင် အမိန့်စောင့်ရန်မလိုဟု တပ်ချုပ်ပြောကြား
Photo Creadit -တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

အောက်တိုဘာ ၇  

COVID-19 လုပ်ငန်းများအတွက် ဖြေရှင်းဆောင်ရွက်ရာတွင် အချိန်နှင့်တပြေးညီဖြေရှင်းဆောင်ရွက်ရမည်ဖြစ် သည့်အတွက် အထက်အမိန့်စောင့်ရန်မလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၆ရက်က တပ်မတော်က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ညှိနှိုင်းအစည်းအဝေးတွင် တပ်ချုပ်က ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

“ အားလုံးက ဒါနဲ့ပတ်သက်ရင် အချိန်နဲ့တပြေးညီ အသိပေးပြီး ဖြေရှင်းဆောင်ရွက်ပေးနေဖို့လိုတယ်။ အမိန့်စောင့်နေလို့မရဘူး။ အချိန်နဲ့တပြေးညီအသိပေးပြီး တစ်ဖက်က လုပ်လို့ရတဲ့နည်းလမ်းမှန်သမျှနှင့် အကုန်လုံးဖြေရှင်းဆောင်ရွက်မယ်” ဟု ပြောကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လူတစ်ဦးထဲ ဆုံးဖြတ်ချက်သည် ယိမ်းယိုင်ခြင်း၊ဝေခွဲမရခြင်းများရှိနိုင်သည့်အတွက် လူအများဝိုင်းဝန်း စဉ်းစားမှသာ ပြည့်စုံသည့်အဖြေရရှိနိုင်မည်ဖြစ်ခြင်းကြောင့် အကြံပေးကြရန်လည်းပြောသည်ဟု ဆိုသည်။
   
အရပ်ဖက်ဆေးရုံများတွင်လိုအပ်နေမည့် အောက်စီဂျင်ဘူးများကို သွားရောက်လှူဒါန်းရန်ကိုလည်း မှာကြားခဲ့သည်ဟုသိရသည်။

တပ်မတော်အနေဖြင့်  COVID-19 နှင့်ပက်သက်၍ တစ်နိုင်ငံလုံးတွင် လူ ရှစ်ထောင် ခန့်ဆန့်သော ကွာရန်တင်းစင် တာများကို တိုင်းစစ်ဌာနတချို့၌ ဖွင့်လှစ်ထားပြီး အစိုးရမှ လွှတ်ပေးသည့် ကွာရန်တင်းဝင်ရမည့်သူများ ကိုလည်း လက်ခံစောင့်ရှောက်ကုသပေးသည်။
 
 တပ်၏ ကိုဗစ်လုပ်ငန်းများအတွက် တပ်မတော်သားများနှင့်အရပ်ဘက်မှလှူဒါန်းသည့် အလှူငွေကျပ် ငါးဘီလီယံကျော်ရှိပြီး ကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ကို ကိုဗစ် -၁၉ အရေးအတွက် သုံးစွဲထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်က ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly