ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲအပြီး ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းအစ

ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲအပြီး ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းအစ

၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်လွတ်လပ်သည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်း စုကြည်က ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ များတွင်လည်း ယင်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အလားတူ အောင်မြင်မှုမျိုး ရရှိခဲ့သော်လည်း စစ်တပ်က ပယ်ဖျက်ခဲ့သည်။ ထိုစဉ်ကတည်းက ဒေါ်စုသည် နိုင်ငံရေး လွတ်လပ်ခွင့် ရရှိရေးအတွက် ဘဝကိုမြုပ်နှံခဲ့ကာ နေအိမ် အကျယ်ချုပ်ဘဝဖြင့် ၁၅ နှစ်ကြာ နေခဲ့ရသည်။

 ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရရှိခဲ့မှုက နောက်တက်မည့် သမ္မတကို ရွေးချယ်ရန် လိုအပ်မည်ဖြစ်သည်။ ယင်းကဲ့သို့ အနိုင်ရမှုမှာ ဆယ်စုနှစ်များစွာ စစ်တပ် အုပ်ချုပ်မှုကို အစဉ်တစိုက် ငြင်းဆိုမှုကြောင့် ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သို့သော်လည်း ဒေါ်စု၏ အောင်မြင်မှုကို အသစ်တစ်ခု စတင်ခြင်းအဖြစ် ရှုမြင်သင့်သည်။ လူဦးရေ ၅၃သန်း ခန့်ရှိသော မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ပွင့်လင်းသည့် လူ့အဖွဲ့အစည်း တစ်ခုသို့ သွားရာတွင် စိန်ခေါ်မှုရှိသည့် အကူးအပြောင်း ကာလတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ယင်းကူးပြောင်းမှုခရီးက ငြိမ်းချမ်းစွာ ပြီးဆုံးသွားနိုင်မှု ရှိမရှိမှာ ဗိုလ်ချုပ်ကြီးများ၏ စိတ်ရှည် သည်းခံမှုအပေါ် မူတည်သည်သာမက နိုဘယ်ဆုရှင် ဒေါ်စု၏ အရည်အချင်းများ အပေါ်တွင်လည်း မူတည်သည်။ ယခုသမိုင်းဝင် သီတင်းပတ်တွင် အဘက်ဘက်က တုံ့ပြန်မှုကလည်း ကြီးမားသည့် အလားအလာကို ပြသလျက်ရှိသည်။ ဗိုလ်ချုပ်ကြီးများက ၁၉၉၀ ပြည့်နှစ်ကသို့ အဖြစ်မျိုး ပြန်မသွားဘဲ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ပြောကြားထားသည်။

 NLD ခေါင်းဆောင်က အမျိုးသား ရင်ကြားစေ့ရေး စိတ်ဓါတ်တစ်ခုရှိရန် တိုက်တွန်းထားပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။ ထို့အပြင် အောင်ပွဲ ရသော်လည်း ပြိုင်ဘက်အပေါ် သဘောထား ကြီးကြီးထားရန် သူ့အား ထောက်ခံသူများကို ဒေါ်စုက တိုက်တွန်းခဲ့သည်။ သို့သော်လည်း အစိုးရတစ်ရပ် ဖွဲစည်းရေး လုပ်ငန်းစဉ် စတင်သည်နှင့် ဒေါ်စုနှင့် စစ်တပ်အတွက် စိန်ခေါ်မှုများစွာ ရှိလာမည်ဖြစ်သည်။

ကွယ်လွန်သူ ဗြိတိသျှခင်ပွန်းနှင့် ရသည့် သားနှစ်ဦးမှာ နိုင်ငံခြားသားပတ်စ်ပို့ ကိုင်ဆောင် ထားသည့်အတွက် ဒေါ်စုမှာ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ခံထားရသည်။ ယင်းကဲ့သို့ အနေအထားကြောင့် ရုပ်ပြသမ္မတတစ်ဦးကို ခန့်အပ်ကာ သူကသာ ကြိုးကိုင်မည်ဟု ဒေါ်စုက ပြောကြားထားသည်။

ယင်းကဲ့သို့အနေအထားက နှစ်သက်ဖွယ်မရှိသည့် စီစဉ်မှုတစ်ခု ဖြစ်လာပြီး အများအားဖြင့် ထိရောက်မှု မရှိသော မန်မိုဟန်ဆင်း၏ အစိုးရကို ကန့်လန့်ကာ နောက်ကွယ်က ဆိုနီယာဂန္ဒီ ကြိုးကိုင်ခဲ့စဉ် အန္ဒိယတွင် လွှမ်းမိုးခဲ့သည့် အခြေအနေတစ်ခုနှင့် ထူးဆန်းထိတ်လန့်ဖွယ် တူညီနေသည်။

ယခုအခါ NLD က အနိုင်ရ နေပြီဖြစ်ရာ ဒေါ်စုအား သမ္မတရာထူး တိုက်ရိုက်ရရှိရေးအတွက် ဗိုလ်ချုပ်ကြီးများက အခြေခံဥပဒေကို ပြင်ပေးခဲ့လျင် ပို၍ သင့်တော်မည်ဖြစ်သည်။ ယင်းပြဿနာ ဖြေရှင်းပြီးလျင်ပင် NLD နှင့် စစ်တပ်တို့၏ ချောမွေ့မှုမရှိသော ဆက်ဆံရေးတို့က ရှိလာမည်သာ ဖြစ်သည်။

အခြေခံဥပဒေအရ စစ်တပ်က ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ အပါအဝင် အဓိက ကျသော ဝန်ကြီးဋ္ဌာနများကို ချုပ်ကိုင်ထားနိုင်သည့် အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ။ ထို့ကြောင့်  NLD အစိုးရတစ်ရပ်က မြန်မာစီးပွားရေး၏ အဓိကကဏ္ဍများကို စစ်တပ်၏ကြီးစိုးမှုမှ ဖယ်ရှားရန် ကြိုးစားလာလျင် ပဋိပက္ခများ ဖြစ်လာမည်မှာ သေချာနေသည်။

ရေရှည်တွင် ပါဝါအချို့ကို ထိန်းထားရေး ယင်းတို့၏ အကောင်းဆုံး မျှော်လင့်ချက်မှာ ဒေါ်စုအပြင် ဒေါ်စု၏ မဟာမိတ်တို့နှင့် လက်တွဲ ဆောင်ရွက်ရမည်ကို ဗိုလ်ချုပ်ကြီးများက လက်ခံရန် လိုအပ်နေသည်။ ယင်းသို့မဟုတ်ပါက လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်တပ်ကို စွပ်စွဲလိုသူများကို အားကောင်းသွားစေနိုင်ပြီး သွေးမြေကျမှုများ ဖြစ်လာနိုင်သည်။

အသက် ၇၀ ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လျှော့မတွက်သင့်ပေ။ သူသည့် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအဖြစ် အစမ်းအသပ် မခံရသေးပေ။ ဒေါ်စုသည် ပေါ်လစီပိုင်း အထူးသဖြင့် စီးပွားရေး ကိစ္စများတွင် မရေမရာ ဖြစ်နေသေးသည်ဟု ပြောဆိုမှုများလည်းရှိသည်။

သူသည် မူဆလင်လူနည်းစု ရိုဟင်ဂျာ (ဘင်္ဂါလီ) များ ခံစားနေရသည့် ဒုက္ခများ သက်သာရေး လိုအပ်ချက်နှင့် ပတ်သက်၍ နုတ်ဆိတ်လွန်းနေသည်။ ရိုဟင်ဂျာများမှာ နိုင်ငံမဲ့ ဖြစ်သည်ဟု အစိုးရက ကြေညာခဲ့ပြီး မဲပေးခွင့်မရခဲ့ပေ။

မြန်မာရွေးကောက်ပွဲမှာ အာရှတွင် ဒီမိုကရေစီ မြင့်တင်ရေးအတွက် သာဓက တစ်ခုဖြစ်ပြီး အာရှ၏ နိုင်ငံရေး လွတ်လပ်ခွင့်က နောက်ပြန်ဆုတ်ဟန် ရှိနေသည်။ ထိုင်းတွင် စစ်တပ်က အာဏာသိမ်းကာ အုပ်ချုပ်နေသည်။ မလေးရှားတွင်လည်း ကြီးမားသည့် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေသည်။ တရုတ်သည် အစိုးရနှင့် သဘောကွဲလွဲသူများကို တိုး၍တိုး၍ နှိပ်ကွပ်နေသည်။

လွတ်လပ်ရေးအတွက် ဖခင်ဖြစ်သူက မြန်မာနိုင်ငံကို ဦးဆောင်ခဲ့ပြီး နှစ် ၇၀နီးပါးအကြာ၊ အောက်စဖို့ဒ်မှ အိမ်ပြန်လာပြီး နှစ် ၃၀နီးပါးအကြာ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ လွတ်လပ်မှုအတွက် အသစ်တစ်ဖန် အခွင့်အလမ်းတစ်ခုကို ယူဆောင်သည်။ မျှော်လင့်ချက်က သူမ၏ အောင်မြင်မှုဖြစ်သည်။

 

(ဤဆောင်းပါသည် အင်္ဂလန် အခြေစိုက် သြဇာကြီးမားသော Financial Times သတင်းစာကြီးတွင် ဖေါ်ပြထားသည့် From dictatorship to democracy in Myanmar ဆောင်းပါးကို ဘာသာ ပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly