အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိ တိုင်ပေသို့လာရောက်မှုအပေါ် တရုတ်ဝေဖန်

By AFP
18 September 2020
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိ တိုင်ပေသို့လာရောက်မှုအပေါ် တရုတ်ဝေဖန်

စက်တင်ဘာ ၁၈

တိုင်ပေမှာ စနေနေ့မှာ ကျင်းပပြုလုပ်မယ့် သမ္မတဟောင်း လီထျန်ဟွေရဲ့အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီးပွားရေးတိုးတက်မှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကေ့ခရက် ကြာသပတေးနေ့က ရောက်ရှိလာခဲ့ပါတယ်။  

 ဒါဟာ နှစ်ပေါင်း ၄၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးအကြိမ် ရောက်လာခဲ့တာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်ပေကို သီးခြားခွဲထုတ်ဖို့နဲ့ တရုတ်ကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ စိတ်အားထက်သန်မှုကို ပြသလိုက်တဲ့ နောက်ထပ်လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး ထိုင်ဝမ်ကိုရောက်လာတဲ့အပေါ် တရုတ်က ချက်ချင်းပဲ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။  

တိုင်ပေကို အမေရိကန်အဆင့်မြင့်အရာရှိ ရောက်လာမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကြာသပတေးနေ့က ပေကျင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက “လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရက်ကို တိုင်ပေသွားဖို့ အမေရိကန်က တမင်သက်သက်စီစဉ်လိုက်တာဟာ တရုတ် တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း သုံးခုပါ အချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာပါ။ နောက်ပြီး တိုင်ပေရဲ့ လွတ်လပ်ရေးခွဲထွက်ရေးအင်အားစုတွေရဲ့ သဘောထားတွေကို အားပေးရာရောက်ပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုလည်း ပျက်စီးစေပါတယ်။ ခုလို လုပ်ရပ်ကို တရုတ်အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ အမေရိကန်နဲ့ တိုင်ပေအကြား တရားဝင် လည်ပတ်မှု တွေကို ချက်ချင်းရပ်ဖို့ တိုက်တွန်းလိုပါတယ်။ တရုတ်အနေနဲ့ အခြေအနေအရ  လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားရပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ တိုင်ပေအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဝင်ရောက်စွက်ဖက်လာမှုကြောင့် အင်အားကြီးနှစ်နိုင်ငံအကြား နောက်ထပ် မီးစတစ်ခုဖြစ်လာခဲ့ပါတယ်။  

ခရက် လာရောက်လည်ပတ်တဲ့ သုံးရက်တာအတွင်း နှစ်ဦးနှစ်ဖက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး  ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required