“နှလုံးကြီး ၀မ်းကြီးသူတို့၏ဆိုစကား”

“နှလုံးကြီး ၀မ်းကြီးသူတို့၏ဆိုစကား”

၂၀၁၅ ခုနှစ် ၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တည်ငြိမ်အေးချမ်းစွာဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ မဲရုံပေါင်းလေးသောင်းကျော်တွင် ထူးခြားဖြစ်စဉ် ၄၈ ခုသာ ဖြစ်ပွားခဲ့သဖြင့် အနည်းအကျင်း အဖုအထစ် ရှိသည်ကလွဲ၍ စဉ်းလုံး ချောခဲ့ပြီဟု ဆိုရမည်။ ရွေးကောက်ပွဲမှ ရလဒ်များကိုရွေးကောက်ပွဲကော် မရှင်ရုံး၌ နိုဝင်ဘာလ ၉ ရက်၊ မွန်းလွဲ ၃ နာရီက ကျင်းပသည့် မီဒီယာစင်တာ ဖွင့်ပွဲအပြီးတွင် စတင်ကြေညာ၍ ညနေ ၆ နာရီ ည ၉ နာရီ၊ ည ၁၁ နာရီများတွင် ဆက်လက် ထုတ်ပြန် ကြေညာခဲ့သည်။

ဇနီးသည်နှင့်အတူ စကိုင်းနက်မှ လာသည့် ရွေးချယ်ခံရသည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ် များနှင့် မဲရလဒ်များကို ကြည့်ရင်း ရွေးချယ်ပွဲ မတိုင်မီက စာရေးသူတို့ ဇနီးမောင်နှံ မဲပေးရန် ကြိုတင်ပြင် ဆင်မှုများကို ပြန်လည်ခံစားရင်း ရင်မောနေမိဆဲ။ စာရေးသူတို့ အိမ်တွင် သတင်းစာ ၂ စောင်ယူသည်။ မြန်မာ့အလင်းနှင့် Daily Eleven သတင်းစာ။ မဲမရွေးချယ်မီ တစ်လလောက်ကတည်းက နေ့စဉ် နံနက် လဖက်ရည်သောက်ထွက်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ၄၀ ရပ်ကွက် ဈေးလမ်းဆုံက သတင်းစာဆိုင်မှာ Democrocry သတင်းစာ ဝယ်တဲ့ရက်ဝယ်၊ စံတော်ချိန် သတင်းစာဆိုလဲ လက်က မလွှတ်ချင်၊ တစ်ခါတစ် လေ ဂျာနယ်က ပါသေး။ အိမ်ပြန်ရောက်လို့မှ လက်ထဲက သတင်းစာနဲ့ စာစောင်တွေ တစ်ပွေ့တပိုက် မြင်လိုက်တဲ့ ဇနီးသည်ရဲ့ မျက်စောင်းက စာရေးသူထံသို့ ရောက်မြဲ။ မဲပေးရမယ့် စာရင်းထဲ မပါမှာစိုးလို့ ရပ်ကွက် အုပ်ချုပ်မှူးရုံးမှာ ကြေညာထားတဲ့ မဲစာရင်းသွား ကြည့်ရတာလည်း အမော။ သတင်းစာထဲမှာ ပယ်မဲမဖြစ်အောင် သတိပြုပါဆိုတဲ့ ကြေညာချက်ကို ဖြတ်ပြီး အဲ့ဒီ သတင်းစာဖြတ်ပိုင်းကို ကိုင်လို့ ဇနီး သည်နဲ့ ပယ်မဲမဖြစ်ဖို့ တံဆိပ်တုံး ထုပုံထုနည်း၊ မဲပေးပုံ၊ မဲကဒ်ပြားပေါ်မှာ စိစစ်ရမယ့် အချက်တွေ ဆွေးနွေးရတာက တစ်မျိုး၊ Internet ကနေ ဖေ့စ်ဘုတ်နဲ့ သတင်းစာတွေ ကြည့်ရတာကလည်း တစ်ဖုံ။ မဇ္ဈိမ သတင်းစာလဲပါရဲ့။ သို့ကလို စာရေးသူတစ်ယောက်တည်း မဲပေးရန်ကိစ္စအတွက် အလုပ်ရှုပ်လို့ နေခဲ့သည်။ သတင်းစာများနှင့် လုံးထွေးနေသော စာရေးသူကို ဇနီးသည်က ကြည့်၍-    
    “ရှင့်မလဲ၊ ဒီမဲပေးဖို့ပဲ အလုပ်ရှုပ်နေတော့တာပဲ ရွေးကောက်ပွဲလဲ မြန်မြန်ပြီးမှပဲ တော်ရေ့”
    “အေးပါကွာ- ဒီတစ်ခါ မဲပေးရမှာက အရေးကြီးတယ်ကွ၊ အသဲကြားက မဲတစ်ပြားလေကွာ၊ ပြည်သူ့ ဆန္ဒအမှန်ကို ထင်ဟပ်မယ့် ပြည်သူတွေ မော်ကွန်းထိုးမယ့် ရွေးကောက်ပွဲလေကွာ”
ဇနီးသည်က-
    “ဟုတ်ပါ့တော်၊ ဒါပေမယ့် မဲပေးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ မဲရေတဲ့ နေရာမှာပဲ ဖြစ်ဖြစ် တကယ် လွတ်လွတ်လပ်လပ်နဲ့ ပွင့်လင်းမြင်သာဖို့တော့ လိုတာပေါ့တော်”
    “မှန်တာပေါ့ မိန်းမရယ်”
တကယ်တော့ သူလည်း အသည်းကြားက မဲတစ်ပြားအတွက် ပူပူပင်ပင်နှင့် ကြိုတင်ပြင်ဆင်ထားသည့် ပြည်သူထဲက မဲဆန္ဒရှင် တစ်ဦးသာ။
    နိုင်ငံအနှံ့ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သတင်းများမှ SKYNET (Up to Date Channel) တွင် မဲဆန္ဒပေးမှုများ၊ မဲရေတွက်မှုများ၊ ဆန္ဒမဲ လာရောက်ပေးသူများနှင့် တွေ့ဆုံမေး မြန်းမှုများ၊ EU အပါအဝင် ပြည်ပမှ စောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ တွေ့ရှိချက် တင်ပြခြင်းများ၊ UEC ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက၊ အရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ် များ၏ မဲရလဒ် ကြေညာမှုများကို ကြည့်ရင်း အဆိုပါ ရွေးကောက်ပွဲ အခင်းအကျင်းများက အမှန်တကယ် လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့ပြီဟု ဆိုရမည်။
    ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်စဉ်ကာလအတွင်း နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များအချို့၏ စကားသံများကိုလည်း သတင်းစာစောင်များမှ တစ်ဆင့်ပြည်သူများကြား သိနေရသည်။ ယင်းတို့ထဲတွင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့၏ စကား များက မှတ်မှတ်ရရ။ အဆိုပါစကားများကို နှလုံးကြီး ဝမ်းကြီးသူများ၏ စကားများအဖြစ်လည်း စာရေးသူ ခံစားရသည်။
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုမိန့်ခွန်းတွင် အစိုးရ၊ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာသွား မည်ဖြစ်ပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန်၊ နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ပြောကြားခဲ့သည်။
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း အောက်တိုဘာအတွင်း ကလေးမြို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် အာဏာသိမ်းရန် မရှိသည့်အပြင်၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို အသက်နှင့်ရင်းပြီး ကာကွယ်သွား မည်ဟုဆို၏။
           တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဆန္ဒမဲပေးပြီးချိန် တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာ၌ ပြည်သူအားကိုးသည့် ပါတီပင် အနိုင် ရမည်ဟု မျှော်လင့်ကြောင်း၊ ပြည်သူက ရွေးချယ်ခြင်းဖြစ်၍ အနိုင်ရရှိမည့် ရလဒ်အပေါ် လက်မခံနိုင်စရာ အကြောင်း မရှိပါကြောင်း၊ ပြည်သူဆန္ဒအတိုင်းပင် မှန်မှန်ကန်ကန်ဖြင့် ၎င်းတို့ အားကိုးရသည့်သူများ၊ အဖွဲ့ အစည်းများ၊ ပါတီများ အောင်မြင်မှုရသည်ကို လိုလားပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူမှ မှန်မှန်ကန် ကန် ရွေးချယ်သည့် ရလာဒ်အပေါ်တွင် ကောင်းအောင် ဝိုင်း၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ပြည်သူ ကလည်း ဥပဒေနှင့်အညီ သွားနိုင်ဖို့လိုကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့လိုကြောင်း၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရလဒ် ကြေညာပြီးပါက ဘယ်သူပဲဖြစ်ဖြစ် လက်ခံရမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်မှ ထွက်ပေါ်လာမည့် အစိုးရကို အာဏာလွှဲပြောင်းပေးရေး ကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့၏။ ယင်းသို့ နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ် များအနေနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် ဆောင်ရွက်မည့် သဘောထားများသည် နှလုံးကြီး ဝမ်းကြီးသူများ၏ မြင့်မြင့်မားမား သဘောထားများအဖြစ် မြင်တွေ့ရသည်။
    ထို့ကြောင့်လည်း စာရေးသူတို့ အိမ်ရှေ့ရှိ အငြိမ်းစား ကျောင်းဆရာကြီးနှင့် နှလုံးကြီးဝမ်းကြီးသော နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ ဆိုစကားများနှင့် ယင်းတို့၏ ထားရှိသော သဘောထားများကို ဆွေးနွေးဖြစ် သည်။ ထိုစဉ်ကျောင်းဆရာကြီးက-
    “နှလုံးကြီးဝမ်းကြီးဆိုတဲ့ သူတွေမှာ အဓိက အရေးကြီးတဲ့ အရည်အချင်းတစ်ခုလဲ ရှိရမယ်ကွဲ့”
    “ ဟုတ်ကဲ့- မိန့်ပါဦး ဆရာကြီး”
    “နှလုံးကြီးဝမ်းကြီးတဲ့ သူဆိုတာ ဆိုခဲစေ မြဲစေဆိုတဲ့ ရှေးလူကြီးသူမတွေရဲ့ စကားအတိုင်းဆိုတဲ့ စကားလည်း မြဲကြရ မယ်ကွဲ့”
    ဆရာကြီး၏ ဆိုစကားက မှတ်သားစရာ။ နှလုံးကြီးဝမ်းကြီးသူတို့၏ ဆိုစကားက မြဲသင့်သည်ပဲ။ ပြည်သူများ၏ အသဲကြားက မဲတစ်ပြားဖြင့် ပြည်သူများ၏ ဆန္ဒမှန်ဖြင့် လွှတ်တော်အသီးသီးအတွက် ပြည်သူ့ကိုယ်စားလှယ်များကို  ရွေးချယ်နိုင်ခဲ့ ၍လည်း အနိုင်ရသည့် ရလာဒ်အပေါ် အားလုံးက လက်ခံ ဆောင်ရွက်ရမည်သာ။ လိုလိုလားလား ရှိရမည့်အပြင် အကောင်းဆုံးဖြစ်အောင်လည်း ဝိုင်းဝန်း ဆောင်ရွက် ရပေမည်။ သို့မှသာ ရွေးကောက်ပွဲအလွန်ကာလများတွင် တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ဆက်လက် လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required