ဂါရတ်ဘေးလ်က မန်ချက်စတာစီးတီးနဲ့ ပွဲကို ‘ကစားလိုခြင်း မရှိဘူး’ - ဇီဒန်း 

ဂါရတ်ဘေးလ်က မန်ချက်စတာစီးတီးနဲ့ ပွဲကို ‘ကစားလိုခြင်း မရှိဘူး’ - ဇီဒန်း 
Photo: EPA

ဂါရတ်ဘေးလ်ဟာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ "ကစားလိုခြင်း မရှိခဲ့ဘူး"လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။ 

ဝေးလ်တိုက်စစ်ကစားသမား ဘေးလ်ဟာ သောကြာနေ့ရဲ့ပွဲစဉ်အတွက် ရီးယဲလ်ရဲ့ ၂၄ ယောက်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉-၂၀ ရာသီ ပြိုင်ပွဲစုံမှာ ၁၄ ပွဲသာ ပွဲထွက်ကစားခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ စပိန်မှာ ဘောလုံးပြိုင်ပွဲပြန်စတင်ပြီးနောက်ပိုင်း နှစ်ပွဲသာ ကစားခဲ့ပါတယ်။ 

"ဒါက သူနဲ့ ကျနော့်ကြားက ပုဂ္ဂိုလ်ရေးသီးသန့် ပြောဆိုခဲ့မှုပါ။ သူက မကစားဖို့ဘဲ ပိုနှစ်သက်ခဲ့တာပါ။"လို့ ဇီဒန်းက ပြောပါတယ်။

"သူနဲ့ ကျနော်ကြားက ရှိနေတာ အကုန်ပါ။ ဒါပေမယ့် သူက သူ့အနေနဲ့ မကစားချင်ဘူးလို့ ပြောတယ်။"

BBC Sport ကတော့ ဘေးလ်ဟာ ဒီပွဲစဉ်မှာ ကစားခွင့်မရရှိမှာကို သိရှိထားလို့ သူဟာ မန်ချက်စတာကို မသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိထားတယ်လို့ ဆိုပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပြီး ၅ လနီးပါးမတိုင်ခင်က စီးတီးဟာ ဖေဖော်ဝါရီလက စပိန်မှာ ပထမအကျော့ကို ၂-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ 

ဒီနှစ်သင်းထဲက အနိုင်ရတဲ့အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ လိုင်ယွန် ဒါမှမဟုတ် ဂျူဗင်တပ်စ် တစ်သင်းသင်းနဲ့့ ကစားရမှာဖြစ်ပါတယ်။

ဘေးလ်ဟာ ရီးယဲလ်အသင်း စပိန်ချန်ပီယံဖြစ်လာဖို့ ၁၀ ပွဲဆက် နိုင်ပွဲရခဲ့တဲ့တစ်လျှောက်မှာ အရန်ခုံမှာ ထိုင်ရင်း အိပ်ပျော်ဟန်ဆောင်လုပ်ခဲ့တာအပါအဝင် မကြာသေးခင်ရက်သတ္တပတ်တွေမှာ စိတ်မဝင်စားဘဲနေပြခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နွေရာသီက တရုတ်စူပါလိဂ်ကလပ် ဂျန်ဆုဆန်းနင်းအသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။

မက်ဒရစ်မှာ ဘေးလ်ရဲ့ အနာဂတ်ရှိမလားလို့ မေးရာမှာတော့ ဇီဒန်းက "ကျနော် မသိပါဘူး။ အခုချိန်မှာ သူဟာ ရီးယဲလ်မက်ဒရစ်မှာ လက်ရှိကစားသမားတစ်ယောက်ဖြစ်တယ်။ ဒါက မပြောင်းလဲသေးပါဘူး။ သူက ကျနော်တို့ ကစားသမားပါ။ 

"ကျနော်လေးစားတာက တခြားသူတွေလိုပဲ သူ့ကို လေးစားပါတယ်။ 

"သူက မကစားလိုတာပါ။ ဒါက ကျနော် ပြောနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ ဒီကိုရောက်နေတဲ့ ကျနော်တို့အားလုံးက ပွဲအတွက် ပြင်ဆင်နေပါတယ်။ ကျနော်တို့ အာရုံစိုက်ထားတဲ့ တစ်ခုတည်းသော အရာက စီးတီးနဲ့ ပွဲအတွက်ပါပဲ။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required