ဒလိုင်းလားမား အလည်လာပါက ကြိုဆိုမည်ဟု ထိုင်ဝမ် ပြော

By Abc.net
08 July 2020
ဒလိုင်းလားမား အလည်လာပါက ကြိုဆိုမည်ဟု ထိုင်ဝမ် ပြော

ဇူလိုင် ၈

ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသော တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ထိုင်ဝမ်သို့ အလည်အပတ်ခရီး လာရောက်ပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပေကျင်းအစိုးရသည် ဒလိုင်းလားမားကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတစ်ဦးအဖြစ် ရှုမြင်ထားသည့်အတွက် ဒလိုင်းလားမား၏ ထိုင်ဝမ် ခရီးစဉ်က ပေကျင်းအာဏာပိုင်တို့ကို ဒေါသထွက်စေနိုင်ရန်လည်း ရှိနေသည်။

၂၀၁၆ ခုနှစ်တွင် ပထမဆုံး ရုံးစတက်သော လက်ရှိထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် လက်ထက်ကာလအတွင်း သို့မဟုတ် ၂၀၀၉ ခုနှစ်နောက်ပိုင်း ဒလိုင်းလားမားသည် ထိုင်ဝမ်သို့ သွားရောက်ထားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်ဝမ်ရှိ ထောက်ခံအားပေးသူများထံ ပေးပို့သော မွေးနေ့ သတင်းစကားတစ်ခုတွင် ဒလိုင်းလားမားက ၎င်းအနေဖြင့် ထိုင်ဝမ်သို့ တဖန် လာရောက်ချင်ကြောင်း ပြောခဲ့သည်။

“နိုင်ငံရေး မြင်ကွင်း အပြောင်းအလဲ ဖြစ်ထားတာနဲ့အတူ ကျွန်တော့်အနေနဲ့ ထိုင်ဝမ်ကို နောက်တစ်ကြိမ် လာလည်လို့ ရချင်ရနိုင်ပါတယ်၊ ဒီလိုဖြစ်ဖို့လည်း မျှော်လင့်ပါတယ်၊ ဘာတွေပဲဖြစ်နေဖြစ်နေ ခင်ဗျားတို့ဟာ ကျွန်တော့် စိတ်နှလုံးထဲမှာ ဆက်ရှိနေမှာပါ” ဟု ဒလိုင်းလားမားက ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် ရေးထားခဲ့သည်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျောင်နီ အိုက လက်ရှိအချိန်အထိ ထိုင်ဝမ်အစိုးရဘက်က ဒလိုင်းလားမား၏ ခရီးစဉ် လာရောက်မည့် လျှောက်ထားချက် လက်ခံရရှိသေးခြင်း မရှိကြောင်းနှင့် အကယ်၍ လက်ခံရရှိပါက သက်ဆိုင်ရာ စည်းမျဉ်းများအောက်တွင် ကိုင်တွယ်သွားမည်ဟု ပြောသွားခဲ့သည်။

“အပြန်အလှန် လေးစားမှု စည်းမျဉ်းနဲ့အညီ နှစ်ဦးနှစ်ဘက်စလုံးအတွက် အဆင်ပြေတဲ့အချိန်တစ်ခုမှာ ဗုဒ္ဓအဆုံးအမတွေ ဖြန့်ဝေနိုင်စေဖို့ ဒလိုင်းလားမားကို ထိုင်ဝမ်ကို ပြန်လာစေဖို့ ကျွန်မတို့ ကြိုဆိုသွားမှာပါ” ဟု မစ္စ အိုက ပြောသွားခဲ့သည်။

ပေကျင်းအစိုးရသည် လက်ရှိ ထိုင်ဝမ်သမ္မတနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း သံသယဖြစ်နေပြီး သူမသည် ထိုင်ဝမ်ကျွန်း၏ တရားဝင် လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု ယုံကြည်နေသည်။

ထို့ပြင် ထိုင်ဝမ်သည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီဟု သမ္မတ ဆိုင်က ပြောထားခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း တရုတ်ဘက်က အငြင်းပွားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်ကနေ ထွက်ခွာရန် ဆန္ဒရှိသည့် ဟောင်ကောင်သားများကို လက်ခံကြိုဆိုမည်ဟု ထိုင်ဝမ်ဘက်က ကမ်းလှမ်းခဲ့သည့်အတွက် တိုင်ပေ-ပေကျင်းအကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာစေခဲ့သည်။

တရုတ်အာဏာပိုင်များကို ဆန့်ကျင်သည့် အုံကြွမှုတစ်ခု အရေးနိမ့်သွားခဲ့ပြီးနောက် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်တွင် အိန္ဒိယသို့ တိမ်းရှောင်ခဲ့ရသည်။ ၎င်းသည် ၁၉၈၉ ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့သည်။

၎င်းကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် တရုတ်က စွပ်စွဲထားသော်လည်း ၎င်းအနေဖြင့် တိဗက်ဒေသအတွက် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ အလိုရှိသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly