ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ

ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

ဆေးလိပ်ဆိုတာ  စသောက်သောက်တုန်းကတော့ ဒီလောက်ကြီး စွဲမယ်လို့ မထင်ထားပါဘူး။ လွယ်လွယ်နဲ့ ဖြတ်လို့ရမယ်လို့ ထင်ခဲ့တယ်မလား။ ဒါပေမယ့် သောက်တာ ကြာလေလေ စွဲလေလေဖြစ်ပြီး ဖြတ်ရခက်လာပါတယ်။ ဒါက သူ့မှာ ပါဝင်တဲ့ နီကိုတင်းကြောင့်ပါ။ နီကိုတင်းက စွဲလမ်းစေတတ်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် ကြာလေလေ ဖြတ်ရခက်လာလေလေပါ။ ဒါပေမယ့် ဆေးလိပ်ဆိုတာ အဆုတ်ကစလို့ တစ်ကိုယ်လုံး ဘယ်နေရာမှာမှ ကောင်းကျိုးမပေးပါဘူး။ ဒါကြောင့် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ စပ်ကြားမှာ စွဲလမ်းတတ်တဲ့ နီကိုတင်းကို ကိုယ်ထဲက အမြန်ထွက်သွားအောင် ကူညီပေးတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ ဆေးလိပ်ဖြတ်တာကို အထောက်အကူ ဖြစ်ဖို့ အပါအဝင် နီကိုတင်းကြောင့် ကျန်းမာရေးထိခိုက်တာကို လျော့ကျစေချင်လို့ပါ။ ဘာတွေစားလို့ရလဲဆိုတာကို ကြည့်ကြည့်ရအောင်။

  • ရေများများသောက်ပါ။

နီကိုတင်းရဲ့ မကောင်းတဲ့အချက်က ရေဓာတ်ဆုံးရှုံးစေတာပါ။ ရေများများသောက်ပေးတာက နီကိုတင်းကြောင့် ရေဓာတ်ဆုံးရှုံးတာကို ကာမိစေတဲ့အပြင် ကိုယ်ထဲက တခြား အဆိပ်အတောက်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

  • နို့

Dukes University ရဲ့ အဆိုအရတော့ တစ်နေ့ နို့တစ်ခွက် သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် ဆေးလိပ်အရသာကို မခံနိုင်ပါဘူးတဲ့။ ဒါကြောင့် ဆေးလိပ်ဖြတ်ရ ပိုလွယ်သွားတာပေါ့။   နီကိုတင်းကိုလည်း တိုက်ထုတ်ပေးနိုင်ပါသေးတယ်။

  • ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေ

ဗီတာမင် အေနဲ့ ဘီ ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးစားပေးပါ။ အစိမ်းရောင် အရွက်တွေ၊ အဝါရောင် အသီးတွေ၊ အစေ့အဆန်တွေ ပါအောင် စားပေးပါ။  လေ့လာချက်တွေအရလည်း ဒီဗီတာမင်တွေက နီကိုတင်းကို  ဖြတ်တောက်ပေးနိုင်တဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။

  • လိမ္မော်သီး

လိမ္မော်သီး အပါအဝင် ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေဟာ ဆေးလိပ်သောက်တဲ့သူတွေ စားသင့်တဲ့ အစားအစာထဲမှာ ပါပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက များသောအားဖြင့် ဗီတာမင်စီ ချို့တဲ့တာ များပါတယ်။ သူက  metabolismကို မြန်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ဟင်းနုနွယ်ရွက်

ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ ဟင်းနုနွယ်ရွက်ဟာ ဆေးလိပ်အရသာကို မခံနိုင်အောင် ကူညီပေးပါတယ်။ ဆေးလိပ်မြန်မြန်ပြတ်စေတဲ့ နည်းတစ်မျိုးပဲပေါ့။ ဒါ့ပြင် ကျန်းမာရေး အတွက် သင့်တော်တဲ့ အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။

  • ဘရိုကိုလီ

ဘရိုကိုလီမှာ ဗီတာမင် B5နဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာ ပေါများစွာ ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက အဆုတ်ကို နီကိုတင်းဒဏ် မခံရအောင် ကာကွယ်ပေးပါတယ်။

  • မုန်လာဥဖျော်ရည်

နီကိုတင်းဟာ အဆုတ်တင်မကဘူး၊ အရေပြားကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ မုန်လာဥမှာ ဗီတာမင် အေ၊ စီ၊ ကေနဲ့ ဘီတွေ ပါဝင်တဲ့အတွက် အရေပြားကို ကျန်းမာစေပါတယ်။ ဒါ့ပြင် ကိုယ်ထဲက နီကိုတင်းကိုပါ စွန့်ထုတ်ပေးပါတယ်။

  • ဘယ်ရီသီး

စတော်ဘယ်ရီက စလို့ ဘယ်ရီသီး အုပ်စုဝင်တွေဟာ ဗီတာမင် ပြည့်ဝစွာ ပါဝင်ပြီး နီကိုတင်းအပြင် တခြားသော အဆိပ်အတောက်တွေကိုပါ စွန့်ထုတ်ပေးပါတယ်။

  • သလဲသီး 

သလဲသီးဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဆဲလ်တွေကို များစေပါတယ်။ နီကိုတင်းကြောင့် သွေးကြောတွေ ချိုးကပ်တာကိုလည်း သက်သာစေပါတယ်။

  • ကီဝီသီး

ကီဝီသီးက ဆေးလိပ်သောက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ဗီတာမင်တွေက်ု ပြန်ဖြည့်ပေးပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် အေ၊ စီ၊ အီးက ခန္ဓာကိုယ်ကနေ နီကိုတင်းတွေ ထွက်သွားဖို့ ကူညီပေးပါတယ်။

ဆေးလိပ်သောက်တာက ဖြတ်နိုင်ရင်  အကောင်းဆုံးပါပဲ။ ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေ ဆေးလိပ်ဖြတ်ဖို့ အာသီသ ပြတ်အောင်ပဲ ဖြစ်ဖြစ်၊ မဖြတ်ခင် စပ်ကြားမှာ နီကိုတင်းပမာဏကို လျှော့ချင်ရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required