ဘေးလ်ကို ခေါ်ဖို့တောင် အခွင့်အရေးရှိလာတဲ့ နယူးကာဆယ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ဘေးလ်ကို ခေါ်ဖို့တောင် အခွင့်အရေးရှိလာတဲ့ နယူးကာဆယ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

နယူးကာဆယ်

မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က နယူးကာဆယ်အနေနဲ့ ထိပ်တန်းနည်းပြ တစ်ယောက်ကို အရင်ဆုံး ခန့်အပ်ဖို့ လိုအပ်ကြောင်း အကြံပြုလိုက်ပြီး ပိုချက်တီနိုလို နည်းပြမျိုးကိုသာ ခန့်အပ်နိုင်ရင် ထိပ်တန်းကစားသမားတွေကို လွယ်လွယ်လေး ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဘာဘာတော့ဗ်က နယူးကာဆယ်ရဲ့ လက်ရှိအနေအထားဟာ ပရီးမီးယားလိဂ်ကို ပြန်လာချင်နေတဲ့ ဂါရက်ဘေးလ်ကိုတောင် ပြန်လည်ခေါ်ယူနိုင်တဲ့အနေအထားဖြစ်နေပြီး အပြောင်းအရွှေ့မှာ ဘာတွေ လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်သွားရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇီယက်ချ်

လာမယ့် ဇူလိုင် ၁ ရက်နေ့ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ဖြစ်ပါပြီလို့ အေဂျက်ဇ်တောင်ပံ ကစားသမား ဇီယက်ချ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားသွားခဲ့ပါပြီ။ ဟော်လန်ဘောလုံးလိဂ်ရာသီကို Covid-19 ကြောင့် ဖျက်သိမ်းလိုက်ရပြီးတဲ့နောက် ဇီယက်ချ်အနေနဲ့ ချယ်လ်ဆီးကို ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့ဖို့ကိုသာ စောင့်ဆိုင်းနေရတော့တာပါ။

ဘာစီလိုနာ

လာလီဂါဘောလုံးပြိုင်ပွဲရဲ့ အမှုဆောင်ချုပ် တီဘက်စ်က ဘာစီလိုနာဟာ နေမာကို ခေါ်ယူဖို့ရော၊ မာတီနက်ဇ်ကိုခေါ်ယူဖို့ကိုပါ ဘာလှုပ်ရှားမှုမှ မလုပ်သေးကြောင်း အတည်ပြုပေးလိုက်ပါတယ်။ PSG တိုက်စစ်မှူး နေမာနဲ့ အင်တာမီလန်ရဲ့ မာတီနက်ဇ်တို့ဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာ ကို ရောက်လာမယ့်ကစားသမားတွေအဖြစ် သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ဘာစီလိုနာအနေနဲ့ လက်ရှိမှာ ဘယ်လိုကမ်းလှမ်းမှုမျိုးမှ မလုပ်သေးတဲ့အကြောင်း တီဘက်စ်က အသိပေးလိုက်တာပါ။

ဆန်းချက်ဇ်

အင်တာမီလန်အသင်းဆီ အငှားချထားခဲ့တဲ့ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ကို အင်တာမီလန်ရော၊ မန်ယူအသင်းကပါ မလိုချင်ပဲဖြစ်နေကြပြီဆိုတဲ့အကြောင်း The Sun က ဖော်ပြပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာမီလန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသလို ခြေစွမ်းလည်း မပြနိုင်ခဲ့တာကြောင့် အငှားစာချုပ် ကုန်ဆုံးရင် မန်ယူအသင်းဆီကို ပြန်ရဖို့ သေချာသလောက်နီးပါး ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီဟာ ချယ်လ်ဆီးဘယ်နောက်ခံလူ အီမာဆင်ကို ခေါ်ယူနိုင်ဖို့အတွက် အဲလက်စ်ဆန်ဒရိုနဲ့ အလဲအလှယ်ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ အီတလီသတင်းတွေက ဖော်ပြနေကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ အီမာဆင် အတွက် ပေါင်သန်း ၂၀ နဲ့အထက် အလိုရှိနေပေမယ့် ဂျူဗင်တပ်စ်ကတော့ ဆန်ဒရိုနဲ့ ကစားသမားချင်း တိုက်ရိုက်လဲလှယ်သွားဖို့သာ ကြိုးစားနေတယ်လို့ Tuttosport က ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required