ဘုတ်အဖွဲ့ဝင် ၆ ယောက် နုတ်ထွက်မှုနဲ့ ဘာစီလိုနာရဲ့ အကွဲအပြဲတွေ

ဘုတ်အဖွဲ့ဝင် ၆ ယောက် နုတ်ထွက်မှုနဲ့ ဘာစီလိုနာရဲ့ အကွဲအပြဲတွေ

ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူရဲ့ လက်အောက်မှာ အလုပ်လုပ်နေကြတဲ့ အမှုဆောင် ဥက္ကဌ နှစ်ဦးအပါအဝင် ဘုတ်အဖွဲ့ဝင် ခြောက်ဦးရဲ့ နုတ်ထွက်မှုဟာ ဘာစီလိုနာအသင်းရဲ့ အကွဲအပြဲတွေကို လူသိရှင်ကြား ဖြစ်သွားစေခဲ့ပါတယ်။

အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေအဖြစ် ရှိနေကြတဲ့ အမှုဆောင်ဥက္ကဌ အီမီလီ ရူဆန်နဲ့ အင်းနရစ် တွန်ဘတ်စ်အပါအဝင် ကလပ်အသင်းရဲ့ ဒါရိုက်တာ ခြောက်ယောက်ဟာ သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်ကြောင်း ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူဆီကို စာရေးသားပေးပို့ခဲ့ကြပါတယ်။

သူတို့က ဘာတိုမြူကို မေးခွန်းတစ်ခုပဲ မေးခဲ့ကြပြီး အဲဒါကတော့ ဘာစီလိုနာအသင်းရဲ့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းတွေနဲ့ ပတ်သက်ပါတယ်။

အထူးသဖြင့် ကစားသမားခေါ်ယူမှု အမှားအယွင်းတွေ၊ အသင်းရဲ့ အဓိက ကစားသမား မက်ဆီ စိတ်တိုင်းကျဖို့ လိုက်လုပ်နေရတာတွေ၊ အခြားဒါရိုက်တာတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ စတာတွေအပြင် ဘာစီလိုနာအသင်းရဲ့ ရှေ့ဆက်သွားမယ့် အခြေအနေတွေကို အသင်းဒါရိုက်တာတွေက မကျေနပ်ပဲ ဖြစ်နေခဲ့ကြတာပါ။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌအဖြစ် ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘာတိုမြူအတွက်တော့ ဒီရာသီဟာ စိန်ခေါ်မှုအများဆုံး ဘောလုံးရာသီဖြစ်ခဲ့ပြီး ကစားသမားတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ၊ ကစားသမားအပြောင်းအရွှေ့တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ဝင်ငွေ ထိခိုက်ရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေခဲ့ရတာပါ။

Goal ရဲ့ ဖော်ပြချက်အရတော့ ဘာတိုမြူဟာ သူ့ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး မန်နေဂျာအများစုနဲ့ ဒါရိုက်တာအချို့က အဲဒီ အဖွဲ့မှာ မပါဝင်ချင်ကြကြောင်း အသိပေးခဲ့ကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ဖြစ်လာနိုင်တယ်လို့ ရေပန်းစားနေတဲ့ အီမီလီက စီမံခန့်ခွဲမှု အဖွဲ့သစ်မှာ မပါဝင်ချင်ကြောင်း အသိပေးခဲ့ပြီး ဒီကိစ္စကြောင့်ပဲ ရာထူးကနေ နုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required