COVID-19 ကူးစက်ခံ လူနာအမှတ် (၂၁) မှာ တောင်ဥက္ကလာနေသူဖြစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ်သူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ရာ သူသည် မြန်မာနိုင်ငံတွင်း၌ ဓာတ်ခွဲအတည်ပြုနိုင်ခဲ့သော ၂၁ ဦးမြောက် လူနာဖြစ်လာသည်။
 
အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးသည် မိခင်၊  မောင်တော်စပ်သူတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ကိုရီးယား၊ ကိုရီးယားမှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထိုင်းနိုင်ငံတွင် တစ်ညနားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၂၆ ရက်နေ့ ရောက်ရှိရာတွင် ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန် ညွှန်းပို့ခဲ့ပါသည်။

ဧပြီ ၂ ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခံခဲရပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိခဲ့သည်ဟု ကျန်းမာရေး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လူနာ၏ "လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။"ဟု လည်း ပါရှိသည်။

ကျန်လူနာများအနက် လူနာ ၁၈ ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး နှစ်ဦးမှာ ဝေဘာဂီဆေးရုံကြီး၏ အထူးကြပ်မတ်ခန်း၌ သီးခြားဆေးကုသမှုခံယူနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly