COVID-19 ဖြစ်ပွားသည့် ဗြိတိန်ဝန်ကြီးချုပ် ရောဂါအရှင်း ပျောက်သည့်အထိ သီးခြားခွဲနေမည်

COVID-19 ဖြစ်ပွားသည့် ဗြိတိန်ဝန်ကြီးချုပ် ရောဂါအရှင်း ပျောက်သည့်အထိ သီးခြားခွဲနေမည်

ဧပြီ ၄

COVID-19 ရောဂါဖြစ်ပွားသည့် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်သည် နေအိမ်မှာပင် တစ်ကိုယ်တည်း သီးခြားခွဲနေပြီး အဝေးမှပင်  အလုပ်လုပ်နေသည်မှာ သီတင်းတစ်ပတ် ပြည့်သွားပြီးနောက် ၎င်းအနေဖြင့် ရောဂါအရှင်း ပျောက်သည့်အထိ ယခုကဲ့သို့ပဲ တစ်ကိုယ်တည်း ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၃ ရက်တွင် ပြောသည်။

“ကျွန်တော် ဖြစ်နေတာက နေရထိုင်ရတာ ကောင်းကောင်းမွန်မွန်ပါပဲ။ သီးခြားခွဲနေတာလည်း ခုနစ်ရက် ပြည့်သွားပြီ။ အလိုလေး၊ ကျွန်တော်မှာ အပျော့စား ရောဂါလက္ခဏာတော့ ရှိနေသေးတယ်။ ဒါက ကိုယ်ပူတာပါ၊ ဒီအတွက် အစိုးရအကြံပေးတဲ့အတိုင်း ရောဂါအရှင်း ပျောက်တဲ့အထိ ကျွန်တော် ဆက်လက်ပြီး သီးသန့်ခွဲ နေသွားရမှာ ဖြစ်တယ်။”ဟု ဘော်ရစ်ဂျွန်ဆင်က တွစ်တာ ဗီဒီယိုပို့စ်တွင် ပြောခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၇ ရက်က ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းကို စမ်းသပ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်တွင် အပျော့စားရောဂါလက္ခဏာသာ ပြသပြီး ဒေါင်းနင်းလမ်းတွင် ကိုယ်တိုင်ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီး အစိုးရ လုပ်ငန်းတာဝန်များကို အဝေးမှပင် စီမံဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၀၀၀ ရှိပြီး သေဆုံးသူ ၃၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly