တရုတ်တွင် ဧရာမတောမီးကြီးတစ်ခု လောင်ကျွမ်း၍ လူ ၁၉ ဦး သေဆုံး

တရုတ်တွင် ဧရာမတောမီးကြီးတစ်ခု လောင်ကျွမ်း၍ လူ ၁၉ ဦး သေဆုံး

မတ် ၃၁

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဧရာမ တောမီးကြီးတစ်ခု လောင်ကျွမ်းခဲ့ရာ မီးငြှိမ်းသတ်သည့် မီးသတ်သမား ၁၈ ဦး နှင့် သစ်တောလမ်းပြတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသ အစိုးရက မတ်လ ၃၁ ရက်တွင် ပြောသည်။

ရုပ်သံ ပုံရိပ်များအရ စီချွမ်ပြည်နယ် ရှီချန်းမြို့အထက်ပိုင်းရှိ တောင်ကုန်းများပေါ်မှ ကြီးမားသော မီးတောက်များ ကောင်းကင်ယံသို့ တက်နေခဲ့ပြီး ကောင်းကင်တွင် လိမ္မော်ရောင် ပြောင်းလဲဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

ထို့ပြင် လူဦးရေ ခုနစ်သိန်းခန့် နေထိုင်သည့် ရှီချန်းမြို့၏ လမ်းများနှင့် အဆောက်အအုံများ၏ အပေါ်တွင်လည်း မီးခိုးလုံးများ ပျံ့လွင့်ခဲ့သည်ဟု သိရသည်။

အဆိုပါ တောမီးသည် မတ်လ ၃၀ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က အနောက်တောင်ပိုင်းပြည်နယ်၏ တောင်ကုန်းထူထပ်သော လျန်ရှန်း စီရင်စုရှိ ရှီချန်းမြို့အနီးတွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောမီးက ရှီချန်းမြို့၏ ဘေးကင်းလုံခြုံမှုကို တိုက်ရိုက် ခြိမ်းခြောက်ခဲ့ကြောင်း မြို့ အာဏာပိုင်များက မတ်လ ၃၁ ရက်တွင် ထုတ်ဖော်ခဲ့သည်။

တောမီးကို ငြှိမ်းသတ်ရန် မီးသတ်ယာဉ်အစီး ၁၄၀ ကျော်၊ ရဟတ်ယာဉ် လေးစင်း နှင့် မီးသတ်သမား ၉၀၀ ခန့်ကို စေလွှတ်ခဲ့ရကြောင်း ဒေသ တာဝန်ရှိသူများက ပြောသည်။

တောမီး ထိန်းချုပ်နိုင်ရန်အတွက် အရေးပေါ် လုပ်သား ၂,၀၀၀ ကျော်သည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေပြီး ဒေသခံပြည်သူ ၁,၂၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

ရဟတ်ယာဉ်များသည်လည်း မတ်လ ၃၁ ရက် မနက်ပိုင်းတွင် တောမီးများကို ဆက်လက်ငြှိမ်းသတ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း အဆိုပါ စီရင်စုမှာပင် တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တချို့ ဖြစ်ပေါ်ထားခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ပြောသည်။

ယမန်နှစ် ဧပြီလကလည်း အဆိုပါ တူညီသော စီရင်စုအတွင်းက မူလီကောင်တီတွင် လောင်ကျွမ်းခဲံသော ကြီးမားသော တောမီးတစ်ခုကြောင့် မီးသတ်သမား ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required