ဗကသခေါင်းဆောင် ကျော်ကိုကို ဖမ်းခံရ

ဗကသခေါင်းဆောင် ကျော်ကိုကို ဖမ်းခံရ
ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုအား လက်ပံတန်းသပိတ်စခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို မေလ ၃ ရက် ၂၀၁၅ ကတွေ့ရစဉ်။ ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။           ။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေးအတွက် ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများထဲတွင် ပါဝင်သည့်  ဗကသ ခေါင်းဆောင် ကျော်ကိုကို ယနေ့ (အောက်တိုဘာ ၂၉ရက်) မွန်းတဲ့ ၁၂ခန့်အချိန်က ဖမ်းဆီးခံရကြောင်း ဒီမိုကရေစီ ပညာရေး သပိတ်ကော်မတီ မှ ဗကသ ကိုယ်စားလှယ် ကိုအောင်နေပိုင်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
 
သင်္ကကျွန်းမြို့နယ် စံပြဈေးအနီးတွင် ဖမ်းခံခဲ့ရခြင်းဖြစ်ပြီး မည်သည့် ပုဒ်မဖြင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ကိုမသိရှိသေးကြောင်း၊ယင်းအပြင် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၅ခုနှစ် မတ်လ ၂၁ ရက် ညပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရှစ်ခုရှိ ရဲစခန်းများတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း ၊လက်ပံတန်းမြို့နယ်ရဲစခန်းမှ လည်း ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူလည်းဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကြွေးကြော် သံများနှင့်အတူ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ရာတွင် လူအင်အား ၁၀၀ ကျော်က လမ်းမတော်မြို့နယ် စံပြမှတ်တိုင်မှ မဟာဗန္ဓုလလမ်းအတိုင်း စီတန်းလှည့်လည်ရာမှ သိမ်ဖြူလမ်းဘက်ချိုးကာ တာမွေမြို့နယ်အထိ လှည့်လည် ခဲ့သောကြောင့် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများက ခွင့်ပြုချက်မရယူသည့်အတွက် အမှုဖွင့်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required