အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ခြင်းက စစ်ပွဲစရန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဟု အီရန်ပြော

အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ခြင်းက စစ်ပွဲစရန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဟု အီရန်ပြော

ဇန်နဝါရီ ၈။                ။အီရတ်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် စစ်ပွဲ တစ်ခု ပေါ်ပေါက်စေရန် ကြိုးပမ်းခြင်း မဟုတ်ဘဲ မိမိကိုယ် မိမိကာကွယ်ခြင်း သာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က ထုတ်ပြန် ပြောလိုက်သည်။

ပြီးခဲ့သည့် အပတ်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှုအတွက် လက်တုန့်ပြန်မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း အီရန်က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က “ ခု ဒုံးကျည် တိုက်ခိုက်မှုက မိမိကိုယ်မိမိ ကာကွယ်ဖို့အတွက် သင့်တော်တဲ့ အချိုးကျ လုပ်ဆောင်ချက်တွေကို အီရန်ဘက် က လုပ်ခဲ့တာ ဖြစ်ပါတယ်၊ ခု တိုက်ခိုက်ခဲ့တဲ့ အခြေစိုက် စခန်းဆီကနေ ကျွန်တော်တို့ နိုင်ငံသားတွေ၊ အဆင့်မြင့် တာဝန်ရှိ သူတွေအပေါ် သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ဒီစခန်း တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာပါ” ဟု တွစ်တာကနေတဆင့် ပြောသွားသည်။

“ တင်းမာမှုတွေ မြင့်တက်လာအောင် ဒါမှမဟုတ် စစ်ပွဲဖြစ်လာအောင် ကျွန်တော်တို့ ကြိုးပမ်းတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရန်လိုမှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required