ပြုံးပြုံးပျော်ပျော် ပြိုင်ကြမည်

ပြုံးပြုံးပျော်ပျော် ပြိုင်ကြမည်

နိုဝင်ဘာ ၈ တွင် ကျင်းပမည့် သမိုင်းဝင်ရွေးကောက်ပွဲ ဖြစ်လာဖွယ်ရှိသည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား အချိန်ကာလအားဖြင့် သီတင်းနှစ်ပတ်ပင် မလိုတော့ပေ။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ရက်ပေါင်း ၆၀ မှာလည်း မလောက်ငှလောက်အောင် ကိုယ်စားလှယ်လောင်းများ အလုပ်များနေကြသည်။

ရွေးကောက်ပွဲ ဝင်နိုင်ငံရေး ပါတီများနှင့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများအနေနှင့် ရွေးကောက်ပွဲ ဝင်ကြသည့် မူရင်း ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရရှိမှသာ တိုင်းပြည်နှင့် ပြည်သူများအကျိုးအတွက် မိမိတို့ ရည်မှန်းထားသည်များကို ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် သီချင်းဆိုရင်း ကခုန်ရင်း ပျော်ပျော်ရွှင်ရွှင် မဲဆွယ်စည်းရုံးကြ သည်များကို တွေ့မြင်ရသကဲ့သို့ မလာနှင့်၊ မဝင်နှင့်၊ မကျော်နှင့်ဟု ရန်လိုသော တားမြစ်မှုများနှင့် ကြုံကြရ သော မဲဆွယ်စည်းရုံးမှုများကိုလည်း ကြားသိနေရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လာမည့်ငါးနှစ်စာအတွက်သာ လွှတ်တော်နှင့် အစိုးရကို ရွေးရသည် မဟုတ်ဘဲ ခေတ်ပြောင်းခေတ်လွဲ ဖြစ်ချိန်ဟု နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး အကဲခတ် များကလည်း ပြောဆို သတ်မှတ်နေကြသည်။

သို့သော် လက်တွေ့ အခင်းအကျင်းများတွင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့၏ လုပ်ဆောင်မှု များ၊ မဲဆွယ်စည်းရုံးရေးများတွင် မမျှတမှုများ၊ လူမျိုးရေး ဘာသာရေး ပုတ်ခတ် စော်ကားမှုများ၊ ဖိအားပေး အနိုင်ကျင့် ခြိမ်းခြောက်မှုများ၊ အခွင့်အရေး သာတူညီမျှ မရှိသည်များ၊ ပြည်ပရောက် မြန်မာများ ကြိုတင်မဲပေး ရာတွင် မဲပေးခွင့်မရဘဲ မူးမေ့လဲကျသည်အထိ ဒုက္ခ ကြုံတွေရသည်များကို လည်း တွေ့မြင်နေရရာ ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုတို့နှင့် ပတ်သက်၍ များစွာ မေးခွန်း ထုတ်အပ်သည်။

ရွေးကောက်ပွဲကို ဦးစီးကျင်းပမည့် ရွေးကောက်ပွဲကော်မရှင်၏ စွမ်းဆောင်ရည် အားနည်းချက်သည် ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေးပါတီများနှင့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများကို အခက်ပိုစေ သည်။

ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးရေး ကာလကို မဲရရေး ကြိုးပမ်းမှုသက်သက် မလုပ်ဆောင်နိုင်ဘဲ မဲစာရင်း စစ်ပေးရခြင်း၊ မဲဆန္ဒရှင်များ မဲပေးခွင့်ရရန် ကူညီရခြင်း၊ မဲဘယ်နှမဲကို ဘယ်လို တံဆိပ်တုံးထုနှိပ် မဲပေးရမည် ဟု မဲဆန္ဒရှင်ပညာပေး လုပ်ငန်းများ လုပ်ဆောင်ရခြင်းတို့ကို ဆောင်ရွက်နေရသဖြင့် အချိန်ပုပ်ကုန်သည်ဟု မဲဆွယ်စည်းရုံးရေး ဆင်းနေကြသည့် ကိုယ်စားလှယ်လောင်းများက ပြောဆိုကြ သည်။

အခြားတစ်ဖက်တွင်လည်း အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးမှ ထိုင်ခုံများ ပြန်လည် ဆုံးရှုံံးသွားမည်ကို လွန်စွာ စိတ်ပူပန်နေပုံရသည်။ ရွေးကောက်ပွဲ ထမင်းရေပူစည်းကို မနင်းမိစေရန် ကြေညာချက်များ၊ ညွှန်ကြားလွှာများ အကြိမ်ကြိမ် အထပ်ထပ် ဆင့်ထုတ်ပြီး ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များနှင့် ပါတီကို ထောက်ခံအား ပေးသူများအား အဆက်မပြတ် ညွှန်ကြားနေရသည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ်ထဲမှ မဲဆန္ဒနယ်တစ်ခုလုံးကို မဖျက်သိမ်းသော်လည်း ကွက်ကွက်ကွင်း ချန်လှပ်ခဲ့မည့် ရပ်/ကျေးအုပ်စုများလည်း ရှိနေသည်ဖြစ်ရာ ယင်းနေ ရာတွင် ထောက်ခံမဲများ ရနိုင်သည့် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများကို တမင်ပင် ညစ်ပတ်သည် လားဟု သံသယ ဖြစ်ကြသည်။

အချုပ်အားဖြင့်ဆိုသော် ရွေးကောက်ပွဲများ ကျင်းပရန် တာဝန်ယူထားသော ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၏ စဉ်းစားပုံ၊ လုပ်ဆောင်ပုံများ၌ အားနည်းချက်များ အမှန်ရှိသည်။ သို့ရာတွင် တိုင်းပြည်၏ အနာ ဂတ်ကောင်းကို ရပါစေကြောင်း၊ ရောက်ပါစေကြောင်း မျှော်လင့်ချက်ဖြင့် မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံး ရွှင်လန်း ပျော်မြူးစေပါရန် အားနည်းချက်များရှိနေသော ရွေးကောက်ပွဲ ဖြစ်လင့်ကစား ရွေးကောက်ပွဲ ဝင်ကြ သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် အညိုးအတေးမထား ရန်မပွားဘဲ ပြည်သူ့ဆန္ဒကို အမှန်ခံယူကာ ပြုံးပြုံးပျော်ပျော်နှင့် ပြိုင်ကြစေလိုကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required