အကြမ်းဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစရာမရှိဟု AA တောင်းဆိုမှုအပေါ် တပ်မတော်တုံ့ပြန်

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစရာမရှိဟု AA တောင်းဆိုမှုအပေါ် တပ်မတော်တုံ့ပြန်
ဓာတ်ပုံ- အီးပီအေ

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။         ။ မည့်သည့်တပ်မတော်မှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် မညှိနှိုင်းဟု ရက္ခိုင့်တပ်(AA) ၏ ထုတ်ပြန်ချက်အပေါ် တပ်မတော်ဘက်မှ တုံ့ပြန်ပြောဆို လိုက်သည်။

စစ်ဖက်နှင့် သက်ဆိုင်သည့် သုံ့ပန်းချင်းလဲလှယ်လိုသည်ဟု ရက္ခိုင့်တပ် (AA) က နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုမှုအပေါ် တုန့်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “ နိုင်ငံတကာမှာရှိတဲ့ မည်သည့်တပ်မတော်မှ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့  အကြမ်းဖက်ခေါ်ဆောင်သွားသူတွေနဲ့ပက်သက်ပြီးတော့မှ ညှိနှိုင်းဆွေးနွေး တာမျိုးမရှိဘူး။ လုပ်စရာလည်းအကြောင်းမရှိဘူး ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသို့ပြောသည်။

AA ဘက်မှ ထုတ်ပြန်ချက်သည် တပ်မတော်သို့ရည်ရွယ်ကာထုတ်ပြန်ေတာင်းဆိုခဲ့ခြင်းဖြစ်ကာ စစ်ဖက်နှင့်သက်ဆိုင်သည့် သုံ့ပန်း (၁၆) ဦးကိုလက်ရှိ ထိန်းသိမ်းထားကြောင်းဆိုသည်။

 “အစိုးရနဲ့ စစ်တပ်ဘက်က အကျဉ်းသားလဲလှယ်ရေးကို သဘောမတူဘူးဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း အလားအတူပဲ လုပ်ဆောင်သွားမှာပါ” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပက်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  “တပ်မတော်ဘက်မှ ညှိနှိုင်းဆွေးနွေးစရာမရှိဘူး” ဟုပြောသည်။

နိုင်ငံ နှစ်နိုင်ငံစစ်ဖြစ်၍ တိုက်ပွဲအတွင်းလက်နက်ချသော စစ်သုံ့ပန်းများကိုသာ နိုင်ငံအချင်းချင်းလဲလှယ်ချင်းမျိုးသာရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ရက္ခိုင့်တပ် (AA) မှနေ၍ ဖမ်းဆီးထားသည့် စစ်ဘက်နှင့်သက်ဆိုင်သူ (၁၆) ဦးကို သုံ့ပန်းဟူ၍ သုံးနူန်းခြင်းကိုလည်း ကန့်ကွက်လိုက်သည်။

တပ်မတော်ဘက်မှ ဖမ်းဆီးစစ်ဆေးခဲ့မှုများလည်းရှိေသာ်လည်း ဉပဒေကြောင်းအရသာ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ကာ တရားရုံး၏ အမိန့်ချမှတ် မှုအပေါ်သာနာခံခဲ့ကြောင်းလည်း  တပ်မတော် သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ရက္ခိုင့်တပ် (AA) နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ အချိန် တစ်နှစ်ခန့်အထိ ကြာမြင့်လာပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း တစ်နေ့ တစ်ခြားတိုး၍လာနေသည်။

အလားတူ နှစ်ဖက်လုံးမှနေ၍ ဖမ်းဆီးစစ်ဆေးမှုများလည်းရှိေနပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့်မှာလည်း စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly