ပွဲကြည့်တဲ့ ပရိသတ်ကလည်း အရေးကြီးပါတယ်

ပွဲကြည့်တဲ့ ပရိသတ်ကလည်း အရေးကြီးပါတယ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မှာနေတဲ့ ဦးဇော်မင်းသန်း ရေးလိုက်တဲ့စာကို မဇ္စိ္ဈမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဘောလုံးပွဲကြည့်တာ ဝါသနာပါသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါ တယ်။ ဘောလုံးပွဲကြည့်တာ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော် တို့မှာ ဘောလုံးပွဲရှိတယ် ကြားတာနဲ့ သူ့မြို့ကနေ ဘောလုံးပွဲ ကျင်းပမယ့် မြို့ကို အချိန်မီရောက် အောင် သွားပြီး ကြည့်တယ်လို့ ပြောပါတယ်။ မဇ္စိ္ဈမ စာဖတ်သူကဏ္ဍကို စာရေးတာကလည်း ဒီဘော လုံးပွဲတွေနဲ့ ပတ်သက်ပြီး ပွဲကြည့် ပရိသတ်တစ်ဦးရဲ့ အမြင်ကို တင်ပြချင်လို့ ရေးသား ပေးပို့ခဲ့တာပါလို့ ပြောပါတယ်။

သည်ရက်အတွင်း ဖတ်ခဲ့ရတဲ့ သတင်စား တစ်စောင်ထဲမှာ “မြန်မာ-ဟောင်ကောင်၊ မြန်မာ-ဗီယက်နမ် ပွဲတွေက ပရိသတ်များရဲ့ အပြုအမူအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ အာရှဘော လုံးအဖွဲ့ချုပ် ဖြေရှင်းချက် တောင်းခံဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖတ်ပြီး သူ့စိတ်ထဲမှာ ဒေါသ ဖြစ်မိ သွားတယ်လို့ ဆိုပါတယ်။ သူဒေါသဖြစ်တာ ဖြေရှင်းချက်တောင်းတဲ့ အာရှဘောလုံးအဖွဲချုပ် (AFC) ကို မဟုတ်ပါဘူး။ မြန်မာပွဲကြည့် ပရိသတ်အချို့ကိုပါလို့ ပြောပါတယ်။ ဒီပွဲတွေကို သူလည်း ကြည့်ခဲ့ရပြီး မြန်မာအသင်းနဲ့ ဟောင်ကောင်အသင်းတို့ပွဲမှာ မြန်မာပရိသတ် တစ်ဦးဟာ ကွင်းအတွင်းကို ဝင်ရောက် ခဲ့ပါတယ်။ ပြိုင်ပွဲစည်းကမ်း၊ စည်းမျဉ်းအရ ပြိုင်ပွဲကျင်းပတဲ့ ကွင်းထဲကို အားကစားသမားများ၊ နည်းပြ များနဲ့ ဒိုင်လူကြီးတွေသာ ဝင်ရောက်ခွင့် ရှိပါတယ်။ အားပေးတဲ့ ပရိသတ်ဟာ ဘယ်အသင်းဘက်က ပဲ ဖြစ်ဖြစ် ပွဲကြည့်စင်ကပဲ အားပေးလို့ ရတာကို ဒီလို လုပ်ခဲ့တယ်ဆိုတာ မသိလို့လား၊ သိရက်နဲ့ တမင် လုပ်ချင်လို့ လုပ်တာလား ဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဥပဒေချိုးဖောက်မှု တစ်ခုသာ ဖြစ်တယ်လို့ ရေးပါတယ်။ မြန်မာ-ဗီယက်နမ် ပွဲမှာလည်း ဆိုးသွမ်း ပရိသတ်အချို့ဟာ ကွင်းအတွင်းကို ရေဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပစ်ပေါက်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း AFC စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက ဖြေရှင်းချက် တောင်းခံတာ ဖြစ်မယ်လို့ ပြောပါတယ်။

မြန်မာပရိသတ်အချို့ဟာ ဒီပွဲတွေမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၄ ခုက ကျင်းပခဲ့တဲ့ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံတာအပြင် ကွင်းအ တွင်းကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် AFC က ချမှတ်ခဲ့တဲ့ မြင့်မားတဲ့ ဒဏ်ကြေးငွေသာ မကဘဲ ယခုနှစ်မှာ ကျင်းပခဲ့တဲ့ ၂၀၁၆ အာရှယူ-၁၉ ခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ် မြန်မာ-ဘရူနိုင်းပွဲမှာ ကွင်းပိတ်ပြစ်ဒဏ် ချမှတ်တာကို ခံခဲ့ရတဲ့အတွက် ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားခဲ့ကြ ရတယ်လို့ ပြောပါတယ်။ သူ့ အတွေ့အကြုံအရ အားပေးတဲ့ ပရိသတ်ရှိရင် ကစားသမားတွေရဲ့ စွမ်းရည်ဟာ ပိုမို မြင့်မားလာတတ်တာကို ဘောလုံးပွဲဝါသနာပါတဲ့ ပွဲကြည့်သူမှန်ရင် ပိုသိပါတယ်လို့ ဆိုပါတယ်။ မြန်မာဘောလုံး ပရိသတ်အချို့ရဲ့ အလွန်အကြူး အားပေးမှုတွေကြောင့် AFC က ကြီးမူး ကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ လွယ်ကူတော့ မှာ မဟုတ်ဘူးလို့ သတင်းမှာ ရေးထားတာ ဖတ်ရတော့ သူ့စိတ်ထဲမှာ စည်းကမ်းမဲ့ အားပေးခဲ့တဲ့ ပရိ သတ်အချို့ကို ဒေါပွမိတာပါလို့ ရေးပါတယ်။

အခုဆိုရင် မြန်မာ့ လက်ရွေးစင်အသင်း ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အိမ်ကွင်း အပိတ်ခံထားရတဲ့အတွက် ကြားကွင်းမှာ ကစားနေ ကြရပါတယ်။ အိမ်ကွင်း မကစားရတဲ့ အတွက် အားပေးမယ့် ပရိသတ်မရှိရင် မြန်မာ ဘောလုံးသမား လေးတွေရဲ့ စိတ်ဓာတ် မြှင့်တင်ပေးဖို့ ဘယ်သူက လုပ်ပေးမှာလဲဆိုတဲ့ အတွေးက မကြာခဏ ဝင်လို့ အလုပ်လုပ်ရတာ စိတ်မဖြောင့်နိုင်ပါ ဘူးလို့ ရေးပါတယ်။ မြန်မာဘော့လုံး တိုးတက်အောင် အားကစား သမားတွေကိုသာမက ပွဲကြည့် ပရိ သတ်တွေကိုပါ အသိပညာပေးဖို့ လိုပါမယ်။ စဉ်းစား ဆင်ခြင်ဉာဏ် နည်းပြီး ထင်သလိုပြုမူတတ်တဲ့ စိတ်ဓာတ်ကို ပြောင်းလဲပေးနိုင်မှ မြန်မာနိုင်ငံရဲ့ ဘောလုံးအပြင် အခြား အားကစားနည်းတွေပါ တိုးတက်မယ်လို့ သူ့အနေနဲ့ ထင်မြင်မိပါတယ်လို့ ပြောပါတယ်။

ဒီလို မကြာခဏ လုပ်နေရင် ကမ္ဘာ့အ လယ်မှာ မျက်နှာငယ်ပြီး နိုင်ငံတကာရဲ့ အထင်မြင်သေးစွာနဲ့ ဆက်ဆံ မှုတွေ ကြုံလာနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှုကို အားကစားနဲ့ အဆင့်အတန်း အကဲဖြတ်နိုင်တာမို့ နိုင်ငံကို တကယ့်ကို အောင်မြင်မှု ရစေချင်ရင် စည်းကမ်းမဲ့ပြီး သိက္ခာကျစေမယ့် အရေးယူခံရတဲ့ အပြုအမူမျိုးတွေ ပရိသတ်တွေ မလုပ်ကြပါနဲ့လို့ သတိပေးချင်တာကြောင့် ရေးလိုက် တဲ့ စာပါလို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required