နိုင်ငံကြီးသားရုပ်ရှင်မှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းဆေးခန်းသို့ ကျပ်သိန်း တစ်ရာလှူဒါန်း

နိုင်ငံကြီးသားရုပ်ရှင်မှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းဆေးခန်းသို့ ကျပ်သိန်း တစ်ရာလှူဒါန်း
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ သြဂုတ် ၁၇ ။        ။ “နိုင်ငံကြီးသား” ရုပ်ရှင်တွင် ဟံသာဝတီဦးဝင်းတင်၏ နာမည်ကျော်စကားစုကို အသုံးပြုခဲ့သည့်အ တွက် အသုံးပြုခအဖြစ် ကျပ်သိန်းတစ်ရာကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းဆေးခန်းသို့ “အားမာန်” ရုပ်ရှင်ထုတ်လုပ်ရေးမှ လှူဒါန်းလိုက်သည်။

“လှူရတဲ့အကြောင်းက ကျွန်တော်တို့ နိုင်ငံကြီးသားဇာတ်ကားမှာ ဘဘဟံသာဝတီဦးဝင်းတင်ရဲ့ စကားစုလေးပေါ့။ လူဆိုတာ အမှန်တရားဘက်က ရပ်တည်ရမယ်ဆိုတဲ့ စကားစုလေးကို ယူသုံးခဲ့မိတဲ့အတွက် ဘဘဦးဝင်းတင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ လှူဒါန်းခြင်း ဖြစ်ပါတယ်” ဟု အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးနိုင်ဆွေက ပြောသည်။

အဆိုပါရုပ်ရှင် ပထမဆုံး ရုံတင်ပြသခဲ့ရာတွင် ရုပ်ရှင်ထုတ်လုပ်ရေးဘက်မှ ရရှိခဲ့သောငွေ၏ တစ်ဝက် ကို လှူဒါန်းခြင်းဖြစ်ပြီး သြဂုတ် ၁၇ ရက်နေ့က လမ်း၅၀ ရှိ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ စေတနာဆေးကုခန်းတွင် လှူဒါန်းခဲ့သည်။

“First Day၊ First Show ပေါ့နော်။ အဲ့ဒီဝင်ငွေမှာ ရုံရှင်တွေက တစ်ဝက်ရပါတယ်။ ကျွန်တော်တို့ကလည်း တစ်ဝက်ပဲ ရပါတယ်။ ကျွန်တော်တို့ရတဲ့ တစ်ဝက်ထဲကမှ ဘဘဦးဝင်းတင် ဖောင်ဒေးရှင်းကို ပြန်ပြီး တစ်ဝက် ပေးတာပါ။ တွက်လိုက်တဲ့အခါမှာ ၉၉ သိန်းကျော်လောက် ဖြစ်နေတယ်။ ဖြစ်နေတော့ အတိအကျလေး ဖြစ်အောင် တစ်ရာဆိုပြီး ဖြည့်လိုက်တာပါ” ဟု ဦးနိုင်ဆွေက ပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသည် နိုင်ငံရေးအကျဉ်းသားများကို အဓိက ထောက်ပံ့နေပြီး
စေတနာဆေးကုခန်းသည် ဖောင်ဒေးရှင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ အခမဲ့ကုသပေးနေသောကြောင့် ရန်ပုံငွေ အခက်အခဲ ဖြစ်ပေါ်နေသည်။

ရန်ပုံငွေအခက်အခဲကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေပြီး ယခုကဲ့သို့ လှူဒါန်းမှုအတွက် ဝမ်းသာကြောင်း ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်အောင်က ပြောသည်။

“ရှိတဲ့ငွေနဲ့ ကျွန်တော်တို့က ဆေးခန်းလေးအရှိန်မပျက်ဖြစ်နိုင်အောင် ကြိုးစားနေတဲ့ကြားမှာ တော်တော်ကြီးကို ဆေးခန်းအခန်းငှားဖို့တွေ၊ ဆေးဝါးဖြည့်ဆည်းဖို့တွေ၊ ဆရာဝန်တွေကတော့ အခမဲ့ ကုသပေးတာ မှန်တယ်။ ဒါပေမယ့် ဆေးဝါးလိုအပ်မယ် လူနာတွေကို ပေးဖို့ အဲ့ဒီငွေအတွက်ကို ဖြည့်ဆည်းဖို့ ရန်ပုံငွေနည်းလာတဲ့အခါတော့ အခက်အခဲ ရှိတယ်။ အဲ့ဒီလိုအခြေအနေမှာ ခုလို နိုင်ငံကြီးသားရုပ်ရှင်ပိုင်ရှင်ကလည်း အခုလို သိန်းတစ်ရာ လှူတဲ့အတွက်ကြောင့် အများကြီး အသက်ရှူ ချောင်သွားတယ်။ အများကြီး အခြေအနေကောင်းသွားတယ်ပေါ့နော်။ ဒါ ဝမ်းသာစရာပေါ့” ဟု ဦးကျော်အောင်က ပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို ၂ဝ၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စေတနာဆေးကုခန်း တွင် ပရဟိတဆရာဝန်ခြောက်ဦး၊ အခြားဝန်ထမ်း ခြောက်ဦးတို့ဖြင့် လည်ပတ်နေပြီး တစ်လလျှင် လူနာ ၄ဝဝ ခန့် အခမဲ့လာရောက်ကုသနေသည့် ဆေးခန်းလည်းဖြစ်သည်။

နိုင်ငံကြီးသားရုပ်ရှင်တွင် နေတိုး၊ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦးနှင့်အနုပညာရှင်များစွာပါဝင်ထားပြီး ဒါရိုက်တာ စတီးလ်ရိုက်ကူးကာ သြဂုတ် ၈ ရက်မှ စတင်ရုံတင်ပြသနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly