နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို AA ငြင်းဆို

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို AA ငြင်းဆို
ဓာတ်ပုံ - ရဲဇာနည်

ရန်ကုန်၊ ဇွန် ၂၈ ။       ။ရခိုင်ပြည်နယ်တွင် ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ၏ ယာဉ်တန်း အား ရခိုင့်တပ် (AA) မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အပေါ် AA အဖွဲ့မှငြင်းဆိုလိုက်သည်။

ဇွန်လ ၂၇ ရက်နေ့ ညပိုင်းတွင် ကျောက်တော်မြို့နယ် မဟာမြတ်မုနိလမ်းဆုံအနီးရှိ ကျောက်ကျပ်ရွာ အနီးတွင် ICRC အဖွဲ့၏ ကုန်တင်ကား ခြောက်စီးကို AA မှတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ဖြေဆိုခဲ့ခြင်းဖြစ် သည်။

သို့သော် အဆိုပါကိစ္စမှာ ရခိုင့်တပ် (AA) နှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ ICRC ယာဉ်တန်းအား တိုက်ခိုက်မှု မပြုလုပ်ခဲ့ဟု ရခိုင့်တပ် (AA)မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကဆိုသည်။

“ အဲ့ဒီ့ကိစ္စကတော့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူးဗျ။ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ နေရာ ကလည်း တပ်မတော် (စစ်တပ် ဟုမူရင်းပြော) လုံခြုံရေး ထူထူထပ်ထပ်ချထားတဲ့နေရာ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ရီမုမိုင်း (၃) လုံးဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမှာ ရှေ့လေကာမှန်ကွဲခဲ့ ကြောင်း  ကျန်ကားများမှာလည်း သေနတ်ကျည်ဆံများ ထိမှန်ခဲ့ကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည်။

အဆိုပါ ICRC ယာဉ်တန်းတိုက်ခိုက်ခံရသည့်နေရာတွင် ယခင်ကလည်း AA ဘက်မှ (၂) ကြိမ် မိုင်းထောင်ခဲ့ဖူးကြောင်း တစ်ကြိမ်တွင် တပ်မတော်မှမိုင်းကို ဖော်ထုတ်ရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောသည်။

“ ဟုတ်ပါတယ်။ ကျောက်ကျပ်ရွာနားလေးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကလည်း အဲ့နားမှာ (၂) ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တာရှိတယ်။ AA လက်ချက်ပါပဲ” ဟု ၎င်းကဆိုသည်။

အဆိုပါပြောဆိုချက်ကို ရခိုင့်တပ် (AA) ဘက်မှငြင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။

တပ်မတော်နှင့် ရခိုင့်တပ်(AA) တို့၏ ပြောဆိုချက်များမှာ ကွဲလွဲနေသော်လည်း နိုင်ငံတကာ ကြက် ခြေနီအဖွဲ့(ICRC) ၏ထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်လာသော ယာဉ်တန်းမှာ ဇွန်လ ၂၇ ရက်နေ့ ည ၈နာရီခန့်တွင် တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ဂျီနီဗာကွန်ဗင်းရှင်းတွင် ကြက်ခြေနီအဖွဲ့နှင့် သူနာပြုများကို မည်သည့် အဖွဲ့ကမှ ထိခိုက်အောင်မပြုလုပ်ရဟု အတိအလင်းရေးသား ပြဌာန်းထားသည်။

တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကုန်တင်ကားသည် ICRC မှ အကူအညီပစ္စည်းများကိုသယ်ဆောင်၍ ရန်ကုန်မှ မောင်တောသို့ဦးတည်သွားလာလျက်ရှိသည့် အငှားယာဉ်တန်း ဖြစ်ပြီး အဆိုပါယာဉ်တွင်  ICRC အမှတ်အသားများ ဖော်မပြထားကြောင်းနှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဝေနေခြင်းကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ICRC Myanmar က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required