လေထုညစ်ညမ်းမှု တိုက်ဖျက်စို့

လေထုညစ်ညမ်းမှု တိုက်ဖျက်စို့
ဓာတ်ပုံ - EPA-EFE/NYEIN CHAN NAING

ယနေ့ ကျွန်မတို့ အသက်ရှင်နေထိုင်ဖို့အတွက် အရေးကြီးတဲ့အရာက ဘာပါလဲ။ စားဝတ်နေရေးပါလို့ ဖြေကောင်းဖြေကြပါလိမ့်မယ်၊ ပိုက်ဆံက အရေးအကြီးဆုံးပါလို့ ဖြေတဲ့သူကလည်း ဖြေနိုင်ပါတယ်။ ကျွန်မရဲ့အမြင်မှာတော့ ကျွန်မအပါဝင် ကမ္ဘာပေါ်ကလူတွေ အသက်ရှင်နေထိုင်နိုင်ကြဖို့ အရေးအကြီးဆုံးအရာကတော့ ကျွန်မတို့ရှူနေတဲ့ မမြင်ရတဲ့ “လေ” ပါ။

ထမင်းအသက် (၇) ရက်၊ ရေအသက် (၁) မနက်လို့၊ အစားမစားရင် (၇) ရက်ပဲ အသက်ရှင်နိုင်မယ်၊ ရေမသောက်ရရင် (၁) မနက်ပဲ အသက်ရှင်နိုင်မယ်လို့ ပြောကြပေမဲ့ အသက်ရှူလို့မရတော့ရင် ဘယ်နှမိနစ်များ အသက်ရှင်ရပ်တည်နိုင်ပါ့မလဲလို့ တွေးကြည့်မိတဲ့သူ နည်းပါလိမ့်မယ်။ ပညာရှင်များရဲ့ပြောစကားအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ (အကြာဆုံး) သုံးမိနစ်အထိ အသက်မရှူဘဲ နေနိုင်ပါတယ်တဲ့။ အောက်ဆီဂျင်မရတော့ရင်  ဦးနှောက်ထဲကဆဲလ်တွေ သေသွားပြီးတော့ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေလည်း တဖြည်းဖြည်းနဲ့ သေဆုံးခြင်းဆီကို ရောက်မှာဖြစ်ပါတယ်။

ကျွန်မတို့အားလုံးဟာ သန့်ရှင်းတဲ့အစားအသောက်တွေကိုစားသောက်ဖို့၊ လုံခြုံလှပတဲ့ အဝတ်အစားတွေကိုဝတ်ကြဖို့၊ လုံခြုံစိတ်ချရတဲ့အိမ်၊ အဆောက်အဦးတွေ ရှိကြဖို့သာအတွက်သာ စဉ်းစားနေကြပြီးတော့ အသက်ရှင်ဖို့အတွက် အလွန့်အလွန်အရေးကြီးတဲ့လေကိုတော့ မေ့နေကြပါတယ်။

စက္ကန့်နှင့်အမျှ ကျွန်မတို့ ရှူသွင်းမိလိုက်တဲ့လေဟာ ဘယ်လောက်များ သန့်ရှင်းပါသလဲ။ ယနေ့ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးမှာ အစိုးရများ၊ ပြည်သူများ ရင်ဆိုင်နေကြရတဲ့ အဓိကအကြောင်းတွေထဲမှာ လေထုညစ်ညမ်းမှုဟာ ထိပ်ဆုံးကပါနေပါတယ်။ လေထုညစ်ညမ်းတာဟာ တနည်းအားဖြင့်တော့ လေရဲ့သန့်စင်မှု လျော့ကျလာတာပဲ ဖြစ်ပါတယ်။

လေထုညစ်ညမ်းတယ်ဆိုတာ ကျွန်မတို့နေ့စဉ်ရှူရှိုက်နေရတဲ့လေထုထဲမှာ အန္တရာယ်ရှိတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ အနံ့တွေ၊ အငွေ့တွေ၊ ဇီဝဒြပ်ပေါင်းတွေပါဝင်မှု များပြားလာတာပဲ ဖြစ်ပါတယ်။ လေထုရဲ့သန့်စင်မှုလျော့နည်းသွားတဲ့အခါ ဒီလေကိုရှူရှိုက်နေရတဲ့ ကျွန်မတို့လူသားတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဘယတွေ ထူပြောလာမယ်၊ ဒီကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြရတဲ့ သက်ရှိတွေအတွက်လည်း အန္တရာယ်တွေကျရောက်လာပြီးတော့ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်လာစေမှာဖြစ်ပါတယ်။

လေထုညစ်ညမ်းစေတဲ့အရာတွေက ဘာတွေလဲ

လေထုထဲမှာ မီးတောင်ပေါက်ကွဲလို့ထွက်လာတတ်တဲ့ပြာတွေ၊ မော်တော်ကားတွေကို အသုံးပြုလို့ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ စက်ရုံတွေကထွက်လာတတ်တဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုဒ်တွေ၊ ကျွန်မတို့နေ့စဉ်စားသုံးဖို့မွေးမြူထားကြတဲ့ တိရိစ္ဆာန်တွေဆီကထွက်တဲ့ မီသိန်းဓါတ်ငွေ့တွေ၊ အမြောက်အများထုတ်လုပ်မှုကို ဦးတည်တဲ့ စိုက်ပျိုးရေးစနစ်တွေက ထွက်လာတဲ့ အမိုးနီးယားဓါတ်ငွေ့တွေ၊ ဆည်အကြီးကြီးတွေဆောက်တဲ့အခါ ရေလွှမ်းမိုးမှုဧရိယာများလာတာကြောင့် သစ်ပင်နဲ့သက်ရှိတွေသေကြေရလို့ ထွက်လာတဲ့ မီသိန်းဓါတ်ငွေ့တွေ များလာတဲ့အခါ လေထုညစ်ညမ်းမှုတွေ ဖြစ်လာပါတယ်။ လေထုညစ်ညမ်းတာဟာ သဘာဝအလျောက် ဖြစ်ပေါ်တာရယ်၊ လူသားတွေကြောင့် ဖြစ်တာရယ်ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။

ကျွန်မတို့ လူသားတွေရဲ့ အသက်ရှူခြင်းဖြစ်စဉ်ကြောင့် ပေါ်ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ တားဆီးလို့မရတဲ့ လေထုညစ်ညမ်းမှုဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ကမ္ဘာကြီးရဲ့ မွေးရာပါဓါတ်ငွေ့တစ်ခု ဖြစ်ပြီးတော့ လူသားတွေအတွက် မလိုအပ်ပေမဲ့ အပင်တွေအသက်ရှင်ဖို့ အဓိကအစာလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ နေ့စဉ်နှင့်အမျှ ကျွန်မတို့ လူသားတွေက လောင်ကျွမ်းစေပြီး သုံးစွဲလိုက်ကြတဲ့ ရုပ်ကြွင်းလောင်စာတွေကနေ တဆင့်လည်း ကမ္ဘာ့လေထုထဲ​ကို ရောက်ရှိလာကြပါတယ်။ ဒီနေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ မူလလေထုကိုညစ်ညမ်းစေသူ (Primary Pollutant) ဖြစ်ပါတယ်။

မူလလေထုကိုညစ်ညမ်းစေသူ (Primary Pollutant) ဆိုတာ လေထုကို ညစ်ညမ်းစေတဲ့အရာကို စတင် ထုတ်လွှတ်သူဖြစ်ပြီးတော့ အဲဒီထုတ်လွှတ်လိုက်တဲ့ အရာတွေအချင်းချင်း လေထုထဲမှာ ဓါတ်ပြု ပြီးဖြစ်ပေါ်လာတဲ့အရာတွေကိုတော့ ထပ်ဆင့်လေထုကိုညစ်ညမ်းစေသူ (Secondary Pollutant) လို့ ခေါ်ပါတယ်။

စက်ရုံအလုပ်ရုံတွေကနေ ထွက်လာတဲ့ အငွေ့တွေ၊ မီးတောင်ပေါက်ကွဲတာကနေ ထွက်လာတဲ့ပြာတွေနဲ့ ဓါတ်ငွေ့တွေ၊​ ကျောက်မီးသွေးနဲ့ရေနံလိုပစ္စည်းတွေမှာလည်း ပါလာတတ်တဲ့ ဆာလ်ဖာ တွေဟာ လေထုထဲမှာဓါတ်ပြုမှုတွေဖြစ်ပေါ်ပြီး အက်ဆစ်မိုးတွေရွာချ နိုင်ပါတယ်။ အက်ဆစ်မိုးဟာ ထပ်ဆင့်လေထုကိုညစ်ညမ်းစေသူ (Secondary Pollutant) ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အငွေ့တွေမှာပါတဲ့ နောက်တစ်ခုက နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ပါ။ သူဟာ ပြင်းထန်စူးရှတဲ့အနံ့ဆိုးရှိပြီးတော့ နီညိုရောင် ရှိပါတယ်။ အပူချိန်မြင့်လွန်းပြီး လောင်ကျွမ်းရာကနေဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်။ မြို့ပြတွေမှာ မှုန်မှိုင်းတဲ့အငွေ့တွေ လွှမ်းနေတာဟာ အဲဒီမြို့ရဲ့လေထုထဲမှာ နိုင်ထရိုဂျင်တွေ များနေတဲ့လက္ခဏာပါ။

ကာဗွန်မိုနောက်ဆိုဒ်ကတော့ ထင်း၊ ကျောက်မီးသွေးနှင့် သဘာဝဓါတ်ငွေ့လို ပစ္စည်းတွေကို လောင်ကျွမ်းစေရာကနေ ထွက်ပေါ်လာတဲ့ဓါတ်ငွေ့ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်တွေကို စက်တပ်ယာဉ်တွေကနေ အဓိကအများဆုံးထုတ်လွှတ်ပါတယ်။ သူဟာ မီးခိုးငွေ့လိုပုံစံဖြစ်ပြီးတော့ ကျွန်မတို့လူသားတွေရဲ့ အဆုတ်ကျန်းမာရေးကို အဓိက ထိခိုက်စေတဲ့ ဓါတ်ငွေ့တစ်ခုဖြစ်ပါတယ်။ သဘာဝပါတ်ဝန်းကျင်နဲ့  တိရိစ္ဆာန်တွေ အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။

မီသိန်းနှင့် ဟိုက်ဒြိုကာဗွန် ဓါတ်ငွေ့တွေဟာ ကင်ဆာရောဂါများကို ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေဖြစ်ပြီးတော့ စက်ရုံအလုပ်ရုံတွေနဲ့ ကျွန်မတို့ နေ့စဉ်စားသောက်နေတဲ့ အသားတွေကို ထုတ်လုပ်ဖို့ မွေးမြူထားတဲ့တိရိစ္ဆာန်တွေဆီကနေ ထွက်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့ဓါတ်ငွေ့တွေအပြင် သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ ဖုန်မှုန့်နှင့် အမှုန် အမျိုးမျိုး (ဥပမာ မီးတောင်ပေါက်ကွဲတာ)​ နှင့် လူတွေကြောင့် ပေါ်ပေါက်လာတဲ့ ဖုန်မှုန့် နှင့် အမှုန်အမျိုးမျိုး(ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်တဲ့စက်ရုံ တွေ) ကလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ဒီလိုအမှုန်တွေဟာ မျက်စိနှင့် မမြင်နိုင်တဲ့ သေးငယ်လွန်းတဲ့အရွယ်အစားကနေ မျက်စိနှင့် မြင်နိုင်တဲ့အရွယ်အစားများအထိ ရှိနိုင်ပါတယ်။  ကျွန်မတို့ လူသားတွေကြောင့်ပဲ ဒီဖုန်တွေ အမှုန်တွေ ထူပြောလာတာဖြစ်ပါတယ်။ လေထုထဲမှာ ဖုန်နဲ့ အမှုန်အမျိုးမျိုးတွေများပြားလာပြီဆိုရင် ကျွန်မတို့လူသားတွေအတွက် နှလုံးနဲ့ ဆက်စပ် တဲ့ရောဂါတွေ၊ အသက်ရှူရခက်ခဲတာတွေ ၊ အဆုတ်ကင်ဆာကဲ့သို့သောရောဂါတွေဖြစ်ပေါ် လာနိုင်မှာဖြစ်ပါတယ်။

CFCလို့ ကျွန်မတို့အလွယ်ခေါ်ကြတဲ့ ကလိုရိုဖလူရိုကာဗွန် ဓါတ်ငွေ့များဟာ ဆိုရင်လည်း ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အမွှေးနံ့ရအောင်ဖျန်းကြတဲ့ Spray တွေကနေ ထွက်ရှိပြီးတော့ လေထုရဲ့ Stratosphere အလွှာအထိ ရောက်ရှိလာကာ အခြားဓါတ်ငွေ့တွေနဲ့ပေါင်းစပ်ပြီး အိုဇုန်းလွှာကို ပျက်စီးစေပါတယ်။ အဲဒီအခြားဓါတ်ငွေ့တွေနဲ့ပေါင်းစပ်ပြီး ထွက်လာတဲ့ UV လို့ခေါ်ကြတဲ့ Ultraviolet Rays တွေဟာ ကျွန်မတို့လူသားတွေကို အရေပြားကင်ဆာနဲ့ မျက်လုံးပြဿနာတွေကို ပေါ်ပေါက်စေပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍကနေ အဓိကထုတ်လွှတ်တယ်လို့ပြောကြတဲ့ အမိုးနီးယား ဓါတ်ငွေ့ဟာဆိုရင်လည်း လေထုကို ညစ်ညမ်းစေတဲ့ အငွေ့တစ်ခုပဲဖြစ်ပါတယ်။ အမိုးနီးယားဟာ လေထုထဲမှာရှိနေပြီးဖြစ်တဲ့ တခြားအရာတွေကထုတ်လွှတ်လိုက်တဲ့ဆာလ်ဖာနဲ့ နိုက်ထရိုဂျင်တို့ ဓါတ်ပြုပြီးတော့လည်း ထပ်ဆင့်လေထုကိုညစ်ညမ်းစေသူအဖြစ် လေထုထဲကို ရောက်ရှိလာပါသေးတယ်။

ဒါတွေအပြင် လူတွေစွန့်ထုတ်လိုက်တဲ့ အမှိုက်တွေ၊ မိလ္လာတွေ၊ စက်မှုလုပ်ငန်းတွေကနေ ထွက်တဲ့အနံ့တွေ၊ နူကလီးယားပေါက်ကွဲမှုနှင့် စစ်ပွဲတွေကနေ ထုတ်လွှတ်ကြတဲ့ ရေဒီယိုသတ္တုကြွတွေဟာလည်း လေထုကိုညစ်ညမ်းစေသူများဖြစ်ပါတယ်။

လေထုညစ်ညမ်းစေတဲ့အရာတွေ ဘာလို့ အများအပြား ဖြစ်လာရတာလဲ

ရုပ်ကြွင်းလောင်စာ (fossil Fuel) များဖြစ်ကြတဲ့ ကျောက်မီးသွေးနှင့် လောင်စာဆီများဟာ လေထုကိုညစ်ညမ်းစေတဲ့ အဓိကအရင်းအမြစ်များဖြစ်ကြပါတယ်။ ကျွန်မတို့တွေ နေ့စဉ်နှင့်အမျှ သုံးစွဲလိုက်ကြတဲ့ ရုပ်ကြွင်းလောင်စာတွေရဲ့လောင်ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှု မြင့်တက်စေပါတယ်။  ပူတဲ့ဒေသတွေမှာအေးဖို့ အေးတဲ့ဒေသတွေမှာနွေးဖို့ ဇိမ်ခံပစ္စည်းတွေအပါအဝင် သက်တောင့်သက်သာရှိတဲ့ လူနေမှုစနစ်ကို ဖန်တီးပေးနိုင်တဲ့ လျှပ်စစ်ဓါတ်အားကိုရဖို့သုံးရတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေ၊ မော်တော်ကားအပါအဝင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်တပ်ယာဉ်တွေနဲ့ အခြားစက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့စွမ်းအင်ကို ရုပ်ကြွင်းလောင်စာများအား လောင်ကျွမ်းစေခြင်းဖြင့် အဓိကအသုံးပြုနေကြပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းတွေနဲ့ သဘာဝမဟုတ်တဲ့ အလွန်အမင်းထုတ်လုပ်မှုကိုအားပေးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ အသားထုတ်လုပ်ဖို့အတွက် မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကနေ ထွက်တဲ့ဓါတ်ငွေ့တွေဟာလည်း လေထုကို ညစ်ညမ်းစေပါတယ်။  လေထုထဲကို မလိုအပ်ဘဲ အမှုန်အမှိုက်တွေ အလွန်အမင်း စွန့်ပစ်လိုက်တာကြောင့် မီးခိုးမြူတွေ ဖြစ်လာစေပါတယ်။ အချိန်ကြာလာတော့ အဲဒီမီးခိုးမြူတွေဟာ လေထုထဲမှာ လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ သတ္ထုဓါတ်တွေဖြစ်လာစေပါတယ်။  ယင်းမီးခိုးမြူတွေနဲ့သတ္ထုဓါတ်တွေဟာ လူသားများနဲ့ သက်ရှိများအတွက် အန္တရာယ်အရှိဆုံး အဆိပ်ငွေ့တွေပဲဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလိုပဲ လူသားတို့အတွက် မလိုအပ်ပေမဲ့လည်း အပင်တွေအတွက်လိုအပ်လှတဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ လေထုထဲမှာ များပြားနေပေမဲ့ အဲဒီကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စားသုံးပြီး လူသားတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အောက်ဆီဂျင်ကို ပြန်ထုတ်ပေးနိုင်မယ့် သစ်ပင်တွေကို တရားလွန် ခုတ်ယူသုံးစွဲလိုက်ကြပြီး ပြန်လည်စိုက်ပျိုးခြင်းမရှိတာကြောင့်လည်း လေထုညစ်ညမ်းမှုကို ပိုလာစေတာဖြစ်ပါတယ်။

လေထုညစ်ညမ်းလာရင် ဘာတွေဖြစ်မလဲ

၂၀၁၄ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ထုတ်ပြန်ထားတဲ့ အစီအရင်ခံစာမှာ လေထုညစ်ညမ်း မှုကြောင့် လူ (၇) သန်းလောက် အချိန်မတန်ခင် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့ လေ့လာမှုမှာတော့ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူအရေ အတွက် ဟာ (၈.၈) သန်းလောက်ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် လူသေဆုံးမှု ဖြစ်စဉ်တွေဟာ အိန္ဒိယ နိုင်ငံမှာ ဆိုရင် ပန်းနာရင်ကြပ် ရောဂါနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်က ခန့်မှန်းမှုအရ တရုတ်နိုင်ငံမှာဆိုရင် လည်း လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကိုလူဦးရေ ငါးသိန်းလောက် သေဆုံးနေကြရတယ်လို့ (WHO) ကဖော်ပြထားပြန်ပါတယ်။

အရွယ်မတိုင်မီသေဆုံးမှုတွေထဲမှာ မသန့်ရှင်းတဲ့လေကိုရှူလို့ ရောဂါရပြီး အသက်ဆုံးရှုံးရသူများဟာ (၈၈) ရာခိုင်နှုန်းရှိပါတယ်လို့ ၂၀၁၂ (WHO) ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကျွန်မတို့လူသားများရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ရောဂါများက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ဖူး ပါတယ်၊ ဒါပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနှင့်  ကင်ဆာရောဂါတွေဟာလည်း လေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဆိုတာကို မကြာသေးခင်ကမှ လေ့လာသိရှိခဲ့ရ ပါတယ်။ လေထုညစ်ညမ်းမှု မြင့်မားတဲ့နိုင်ငံတွေမှာနေထိုင်ကြသူတွေဟာ လေဖြတ်နိုင်ခြေ များတယ်လို့ လေ့လာသူများက ဆိုပါတယ်။ အံ့သြစရာပါ။ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ချောင်းဆိုးခြင်း၊ အော်ဂလီဆန်ခြင်း၊ အဆုတ်ပိတ်ဆို့ခြင်း၊ ပန်းနာရောဂါနှင့် နာတာရှည် အဆုတ်ရောဂါတို့ဟာ  မသန့်စင်တဲ့လေကို နေ့စဉ်ရှူရှိုက်ရခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေပါ။ ဆေးလိပ်မသောက်ပါဘဲ အဆုတ်ကင်ဆာနဲ့ သေဆုံးရသူများဟာဆိုရင် လေထုညစ်ညမ်းမှုရဲ့ သားကောင်တွေ ပါပဲ။

လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓါတ်ငွေ့တွေဟာ ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာကြီးကို ဖန်လုံအိမ် အာနိသင်များဖြစ်ပေါ်လာစေပြီး ကမ္ဘာကြီးကိုကောင်းကျိုးပြုနေတဲ့ ကမ္ဘာကြီးပေါ်မှာ သက်ရှိ တွေအသက်ရှင်နိုင်အောင် စောင့်ရှောက်ထားတဲ့ အိုဇုန်းလွှာကိုလည်း ပျက်စီးစေပါတယ်။ လေထုညစ်ညမ်းမှုဟာ ယနေ့ကျွန်မတို့တတွေ အမြဲစိုးရိမ်ပူပန်နေရပြီး ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတွေစုပေါင်းကာ အရေးတကြီးဆွေးနွေးပွဲတွေပြုလုပ်၊ ပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ဖြစ်ရခြင်းရဲ့ အဓိကကြောင်းရင်း တရားခံလည်းဖြစ်ပါတယ်။

လေထုထဲမှာ နိုက်ထရိုဂျင်တွေမြင့်တက်လာတဲ့အခါ ရေထဲမှာအစိမ်းရောင်ရေညှိတွေ များလာပြီး ရေနေသတ္တဝါတွေအစုလိုက် အပြုံလိုက်သေကြေပျက်စီးတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ်မှာ လူသားအားလုံးရင်ဆိုင်နေကြရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးအန္တရာယ်ပဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားထားပါတယ်။

တကယ်တော့ လေထုညစ်ညမ်းမှုဖြစ်ရတာဟာ  ကျွန်မတို့လူသားတတွေရဲ့ အတ္တကြီးမှုကြောင့်လို့ ပြောရပါမယ်။ ကျွန်မတို့ နေထိုင်နေကြတဲ့ လူနေမှုပုံစံဟာ  ကျန်းမာတဲ့လူနေမှုစနစ် (healthy living) မဟုတ်ပါဘူး။ အရာရာကို သက်တောင့်သက်သာ နဲ့အဆင်ပြေအောင်စီစဉ်ထားကြလို့ လူသားတို့ရဲ့ခွန်အားကိုစိုက်ထုတ်စရာမလိုဘဲ အရာရာ လွယ်လွယ်ကူကူ ရစေပေမဲ့လည်း အဲသလို လွယ်ကူမြန်ဆန်ဖို့အတွက် လိုအပ်တာထက် ပိုပြီးထုတ် သုံးလိုက်ရတဲ့ စွမ်းအင်အရင်းမြစ်တွေဟာ ကျွန်မတို့နေထိုင်နေတဲ့ ကမ္ဘာကြီးကို ညစ်နွမ်းပင်ပန်း စေတယ်၊ နောင်လာမယ့် အနာဂါတ်လူသားရင်းမြစ်တို့အတွက် အန္တရာယ်တွေအပြည့်နဲ့ နေရာ တစ်ခု ဖြစ်လာစေပါတယ်။

လေထုညစ်ညမ်းမှုကို ဘယ်လိုတိုက်ဖျက်ကြမလဲ

လူသားတွေဟာအမှားနဲ့မကင်းကြပါဘူး၊ အရင်က မသိလို့ မှားခဲ့ကြတဲ့အမှားတွေကို ထိုင်တွေးပြီး နောင်တရနေမယ့်အစား အဲဒီအမှားတွေကို ဘယ်လိုပြုပြင်ကြရင်ကောင်းမလဲလို့ စဉ်စားရမယ့် အချိန်ရောက်ပါပြီ။ အမှားတွေကိုပြုပြင်ဖို့လိုသလို ရှေ့ဆက်ပြီးတော့ ကောင်းမွန်တဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲဆိုတာကိုလည်း တပြိုင်နက်စဉ်စားဖို့ လိုပါတယ်။ လေထုညစ်ညမ်းမှုကိုလျော့ချဖို့ နေ့စဉ်လူနေမှုဘဝမှာ အောက်ပါအချက်များကို ပြုပြင်ဖို့ လိုအပ်ပါတယ်။

၁) ကားလျှော့မောင်းပါ

ပထမဆုံး လေထုညစ်ညမ်းမှုအဖြစ်စေဆုံးကတော့ စက်တပ်ယာဉ်တွေပါ၊ လောင်စာသုံးစွဲမှုမြင့်တဲ့ ဇိမ်ခံကားတွေကို အကြောင်းအမျိုးမျိုးနဲ့ သုံးစွဲခဲ့ကြပါတယ်၊ အခုအချိန်မှာတော့ စက်တပ်ယာဉ် များသုံးစွဲမှုကို လျှော့ချပြီးတော့ စက်မပါတဲ့ယာဉ်တွေကို ဦးစားပေးသုံးစွဲရပါတော့မယ်။

လူတွေဟာ မဖြစ်မနေရွေ့လျားသွားလာနေကြတာဆိုတော့ ပို့ဆောင်ဆက်သွယ်ရေးက လိုအပ်နေဆဲမို့ လျှော့ချတဲ့ဆိုတဲ့နေရာမှာ ကိုယ်ပိုင်မော်တော်ကားအစား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ မြို့ပါတ်ရထားတွေ၊ ဘတ်စ်ကားတွေ၊ ကူးတို့လှေ စတာတွေကို ပိုမိုသုံးစွဲဖို့လိုပါတယ်။ မဖြစ်မနေ မော်တော်ကားသုံးဖို့လိုအပ်လာရင်တောင် လောင်စာသုံးစွဲမှုနည်းတဲ့ကား (အင်ဂျင်ပါဝါနည်းပြီးဆီစားသက်သာတဲ့ကား)ကိုပဲ​ ဦးစား ပေးသုံးစွဲသင့်ပါတယ်။

အစိုးရများအနေနှင့်လည်း မော်တော်ယာဉ်များတင်သွင်းတဲ့အခါ အင်ဂျင်ပါဝါအလိုက် အခွန်နှုန်းတွေ သတ်မှတ်သင့်သလို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပိုမိုအား ကောင်းလာအောင် ဆောင်ရွက်ပေးသင့်ပါတယ်။

ကျွန်မတို့ ပြည်သူတွေကလည်း မိမိကျန်းမာရေးအတွက်ရော သဘာဝပတ်ဝန်းကျင်နဲ့ အများ ပြည်သူ ကျန်းမာရေးအတွက်ပါ လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုးကို များများလုပ်ဆောင် သင့်ပါတယ်။​

ကျွန်မနေထိုင်တဲ့ရန်ကုန်မြို့ကြီးမှာဆိုရင် အငှားယာဉ် (Taxi)တွေ အလွန်အမင်းများပြားလှပါတယ်။ လမ်းပေါ်မှာ ကား (၁၀) စီးတွေ့ရင် (၅) စီးလောက်ဟာ အငှားယာဉ်တွေပါ၊ အိုဟောင်းပြီးတော့ အပြိုင်အဆိုင် လုမောင်းနေကြတဲ့ အငှားယာဉ်များဟာ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကို အဓိကပံ့ပိုးသူတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကြောင့် အခုရှိနေတဲ့ အငှားယာဉ် အရေအတွက်ကို လျှော့ချပြီးတော့ ဘတ်စ်ကားနှင့် မြို့ပတ်ရထားတွေ ပိုမိုကောင်းမွန်လာဖို့ ဆောင်ရွက်သင့်ပါတယ်။

အိုဟောင်းနေတဲ့ မော်တော်ကားတွေထက် မီးခိုးငွေ့ထွက်တဲ့မော်တော်ကားတွေကို အသေအချာ ကြပ်မတ်သင့်ပါတယ်။ ပြင်သစ်နိုင်ငံမှာ မော်တော်ကားရဲ့ အိတ်ဇောက မီးခိုးငွေ့ထွက်ခဲ့ရင် ကားမောင်းသမားဟာ ထောင်သုံးလကျခံရသည်အထိ အပြစ်ကြီးပါတယ်။

မကြာသေးခင်ကမှ ပြည်သူ့ဂုဏ်ရည်ဆုရတဲ့ မန္တလေးမြို့တော်ကြီးမှာဆိုရင်လည်း မှတ်ပုံတင် ထားတဲ့ တကိုယ်ရည်သုံးမော်တော်ဆိုင်ကယ်တွေဟာ မန္တလေးမြို့ကြီးမှာနေထိုင်ကြတဲ့ လူအရေ အတွက်ထက်တောင် များပြားပါတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးကပြောတာ မှတ်သားဖူးပါတယ်။ မန္တလေးဟာ ရန်ကုန်ထက် ပိုမိုပူပြင်းခြောက်သွေ့တဲ့ ဒေသဖြစ်တာကြောင့် လေထုညစ်ညမ်းမှု ပိုပါတယ်။ အခုလိုပဲ အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေ မရှိသလောက်နည်းပြီးတော့ တကိုယ်ရည်သုံးမော်တော်ဆိုင်ကယ် တွေသာ များနေမယ်ဆိုရင် အချိန်ကြာလာတာနှင့်အမျှ မန္တလေးရဲ့လေထုညစ်ညမ်းမှုဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့ကဲ့သို့ အင်မတန်ဆိုးဝါးတဲ့ လေထုညစ်ညမ်းမှုမျိုး ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်။

နိုင်ငံတကာမှာဆိုရင်လည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အစိုးရများက ကျောထောက်နောက်ခံပြုပေးနေကြစမြဲပါ။

ပြည်သူတွေကို ကောင်းမွန်တဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဖြည့်တင်းပေးခြင်းဟာ လေထုညစ်ညမ်းမှုကိုလျှောချဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပြည်သူတွေကလည်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဂုဏ်ယူစွာနဲ့ အသုံးပြုသင့်ပါတယ်။

၂) ရုပ်ကြွင်းလောင်စာများကို သုံးစွဲတာလျှော့ချဖို့နှင့် သန့်ရှင်းတဲ့စွမ်းအင်ကို အသုံးပြုဖို့

ကျွန်မတို့တတွေမသိခဲ့ကြလို့ ရုပ်ကြွင်းလောင်စာတွေကို အလွန်အမင်းထုတ်ယူသုံးစွဲခဲ့ ကြပါတယ်။ မကြာခင်မှာပဲ တကမ္ဘာလုံးအားထားနေရတဲ့ ရေနံရင်းမြစ်တွေ ကုန်တော့မယ်လို့ ခန့်မှန်းထားကြပြီဖြစ်တာကြောင့်ရယ်၊ ရေနံလိုမျိုးရုပ်ကြွင်းလောင်စာတွေဟာ အသစ်တဖန် ဖြစ်တည်လာဖို့ နှစ်ကာလအင်မတန်ကြာမြင့်တာရယ်၊ ထုတ်ယူသုံးစွဲထားတဲ့ ရုပ်ကြွင်း လောင်စာတွေကြောင့်ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကို လျော့ချနိုင်ဖို့ရယ်အတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှုတွေကို လျှော့ချပြီးတော့ သန့်စင်တဲ့စွမ်းအင်(Clean Energy) တွေဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင် တို့ကို များများသုံးစွဲရမယ့် အချိန်ရောက်ပါပြီ။

ကျွန်မတို့မြန်မာနိုင်ငံမှာဆိုရင် လိုအပ်နေတဲ့လျှပ်စစ်မီးကို ရရှိနိုင်ဖို့အတွက် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ၊ ဒီဇယ်မီးစက်တွေတည်ဆောက်ပြီးထုတ်လုပ်မယ့်အစား နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွေကို ခွင့်ပြုပေးသင့်ပါတယ်။

၃) ထုတ်လုပ်မှု နည်းစနစ်တွေနဲ့ စက်မှုလုပ်ငန်းတွကို ပြောင်းလဲဖို့

ကျွန်မတို့နိုင်ငံဟာ စက်ရုံအလုပ်ရုံထက် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပိုမိုကြီးမားတဲ့နိုင်ငံ ဖြစ်တာကြောင့် စက်မှုကဏ္ဍမှာ စိုးရိမ်ဖွယ်မရှိသလောက်နည်းသော်လည်းပဲ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အလွန်အမင်းသုံးစွဲနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကတော့ စိုးရိမ်ဖွယ်ဖြစ်တာကြောင့် အမြောက်အများထုတ်လုပ်မှုအစား သင့်တော်တဲ့ ထုတ်လုပ်မှု စနစ်များကို အားပေးမြှင့်တင်ပေးသင့်ပါတယ်။

အော်ဂဲနစ် စိုက်ပျိုးရေးစနစ်တွေနဲ့ စိုက်ပျိုးရေးသစ်တောစနစ်တွေ ပေါ်ထွန်းလာအောင် ကြိုးစားဖို့လိုအပ်သလို၊ နေရာဒေသအလိုက် ရှင်သန်ပေါက်ရောက်မှုမတူတဲ့ အပင်မျိုးစိတ်တွေကွဲပြားတာကြောင့်  ဒေသအလိုက်ထွက်တဲ့ စိုက်ပျိုးရေးကုန်စည်တွေကိုလည်း မြေတောင်မြှောက်ပေးဖို့လိုပါတယ်။

၄) တောမီးမရှို့ရ

လေထုကို ညစ်ညမ်းစေတဲ့အကြောင်းတွေထဲမှာ တောမီးလောင်ခြင်းဟာလည်း တထောင့်တနေရာကနေ ပံ့ပိုးလျှက်ရှိပါတယ်။ တောမီးလောင်တဲ့အခါ အပင်နဲ့ သတ္တဝါတွေ သေကြေပျက်စီးကြပြီးတော့ လူများကိုလည်း အန္တရာယ်ဖြစ်စေတာကြောင့် အခြားနိုင်ငံတွမှာ တောမီးမလောင်အောင် နည်းမျိုးစုံနဲ့ ထိန်းသိမ်းတတ်ကြပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံမှာကတော့ ရွှေ့ပြောင်းတောင်ယာဓလေ့ရှိတာကြောင့် စိုက်ပျိုးဖို့မြေနေရာ အသစ်ကို ရှာဖွေတွေ့ရှိတိုင်း မီးရှို့ခြင်းဖြင့်သာ ရှင်းလင်းကြပါတယ်။

တောမီးရှို့ခြင်းကြောင့် ထွက်ပေါ်လာတဲ့ပြာမှုန်တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ် စေပါတယ်။ တောမီးကြောင့် ပေါ်ထွက်လာတဲ့ မီးခိုးငွေ့တွေဟာလည်း လူနှင့် သတ္တဝါများကို အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် ပူပြင်းလာတဲ့အချိန်တွေမှာတောမီးမလောင်အောင်၊ တောင်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တောမီးမရှို့အောင် တင်းကျပ်စွာ ကိုင်တွယ်သင့်ပါတယ်။

၅) ဒေသထွက်ကုန်များကိုအားပေးပါ (ကာဗွန်ခြေရာလျော့ချဖို့ ဒေသထွက်ကိုအားပေစို့)

ယနေ့ ကမ္ဘာပေါ်မှာ ထုတ်ကုန်တွေဟာ (Carbon Footprint) လို့ခေါ်တဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် ကုန်ကျသုံးစွဲလိုက်ရတဲ့ အဆင့်တွေမှာ လိုအပ်တဲ့စွမ်းအင် သုံးစွဲမှုတွေကို လျော့ချဖို့ ကြိုးစားနေကြပါပြီ။ ပြည်တွင်းဒေသထွက်ကုန်များဟာ တစ်နေရာနှင့်တစ်နေရာ သယ်ယူပို့ဆောင်ရဖို့ အဆင့်များစွာ မလိုအပ်တာကြောင့် ကာဗွန်ခြေရာ နည်းပါတယ်။ ကိုယ့်ဒေသထွက် ကိုယ့်ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို အားပေးခြင်းဖြင့် Carbon Footprint နည်းပါးသူဖြစ်အောင် ဂုဏ်ယူစွာလေ့ကျင့်ဖို့လိုပါတယ်။

၆) အပင်စိုက်ပါ

အမှားတွေကိုပြင်ဖို့ လျှော့ချမှုတွေ ပြင်ဆင်မှုတွေလုပ်ဆောင်ပြီးတဲ့အခါမှာတော့ အရည်အသွေးကောင်းဖို့ ကိုလည်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့နေ့စဉ်ရှူထုတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူစာသုံးပြီး လူသားတို့လိုအပ်တဲ့ အေက်ဆီဂျင်ကို ပြန်ထုတ်ပေးတာကြောင့် သဘာဝက ပေးတဲ့လက်ဆောင်ဖြစ်တဲ့ လူနဲ့သစ်ပင်ဂေဟနစ်ကို သေသေချာချာ ပြန်လည်တည်ဆောက် ပေးဖို့လိုအပ်လှပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျောင်းသားတွေ ဘွဲ့မယူခင် အပင် (၁၀) ပင်စိုက်ရမယ် ဆိုတဲ့ထုတ်ပြန်ချက်မျိုးဟာ ယနေ့အချိန်အခါအတွက် အင်မတန်မှ သင့်တော်လှတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာလည်း အလွန်အကျွံသစ်ထုတ်လုပ်မှုတွေကို ရပ်တံ့ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်ပါတယ်။ တပြိုင်နက်မှာပဲ နေရာမလပ် သစ်ပင်တွေနဲ့ ပြန်လည်စိမ်းစိုနိုင်အောင် ကြိုးစားဖို့ အချိန်ရောက်ပါပြီ။

၇) တတ်နိုင်သလောက် အသီးအနှံ အသီးအရွက် များများများစားပါ

အထက်မှာဖော်ပြထားသလိုပဲ အသားထုတ်လုပ်တဲ့ တိရိစ္ဆာန်တွေဆီကနေလည်း လေထု ညစ်ညမ်းမှုတွေကို ဖြစ်စေတာကြောင့် အသားတွေအများကြီးစားမယ့်အစား ကျန်းမာစေပြီးသန့်ရှင်း လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သလို  လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့နဲ့ ပြုပြင်ဖို့တွေကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံချင်းမိုင်မြို့က အော်ဂဲနစ် အသီးအရွက်တွေကိုပဲ အသုံးပြုချက်ပြုတ်ရောင်းချတဲ့ဆိုင်မှာ ရေးထားတဲ့ စာသားလေးကိုလည်း ပြန်လည်မျှဝေချင်ပါတယ်။ “သင်စားတဲ့အစားအစာဟာ သဘာဝကရပြီး အဲဒီအစားအစာကို ထုတ်လုပ်တဲ့နေရာနဲ့နီးစပ်လေ ပိုကျန်းမာလေ” တဲ့။ သိပ်မှန်တဲ့စကားလို့ ထင်ပါတယ်။

၈) ရာသီဥတုဒဏ်ခံနိုင်ပြီး သဘာဝကိုအခြေခံတဲ့တည်ဆောက်ရေးပုံစံများကိုလည်းအားပေးပါ

ယနေ့မြို့ပြတည်ဆောက်ရေးရဲ့အမှားတစ်ခု ဖြစ်တဲ့ ဘိလပ်မြေနဲ့ စတီးတွေ၊ သံတွေ၊ မှန်တွေနဲ့ တည်ဆောက်ထားတဲ့ အဆာက်အဦးများဟာ လေထုညစ်ညမ်းမှုကို အားပေးတဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။ Concrete Jungle တွေကို လျှော့ချနိုင်မှာသာ စွမ်းအင်တွေကိုအလွန်အမင်သုံး စွဲရခြင်းမှ လျှော့ချနိုင်မှာဖြစ်ပါတယ်။

တစ်နေ့တခြား အင်မတန်မှပူပြင်းလာတဲ့ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ သဘာဝကရတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့၊ သဘာဝအလင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ Eco Building တွေ များများပေါ်ထွန်းလာဖို့လည်း လိုအပ်ပါတယ်။

၉) တာဝန်ခံမှုနှင့် ကောင်းမွန်သောဥပဒေများ

အခုပြောခဲ့တဲ့အချက် (၈) ချက်လုံးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ရာ သင့်တင့်မျှတ ကောင်းမွန်ပြီး ထိရောက်တဲ့ ဥပဒေတွေလိုအပ်သလို ပြည်သူများကလည်း အပြည့်အဝ လိုက်နာဖို့လိုအပ် ပါတယ်ရှင်။

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်တဲ့အခါ

၁) ပြည်သူများပိုမိုကျန်းမာလာမယ်

၂) မကျန်းမာတဲ့အခါ သုံးရမယ့်စရိတ်တွေ လျော့ကျလာမယ်

၃) နိုင်ငံအဝှမ်း၊ ကမ္ဘာအဝှမ်း ပိုမိုလှပလာမယ်

၄) ကျွန်မတို့နေထိုင်ရာကမ္ဘာကြီးလည်း ပိုမိုအဓွန့်ရှည်နိုင်မှာ ဖြစ်ပါတယ်

ကျွန်မတို့အတွက်သာမကဘဲ ကျွန်မတို့ရဲ့ သားမြေးမြစ်တီတွတ်အထိ သာယာလှပပြီး နေချင်စဖွယ် ကမ္ဘာကြီးဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ ကျွန်မတိုတစ်ဦးချင်းစီက ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။

 လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့

အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အားပေးကာ၊

 ဒေသထွက်ကိုစားကြပါ၊

သစ်ပင်များများစိုက်ကြစို့

တို့ကမ္ဘာမြေစိမ်းလန်းဖို့။

Mizzima Weekly