တပ်မတော်က မြေသိမ်းထားဟုဆိုကာ ပြင်ဦးလွင်တွင် ဆန္ဒပြ

By ကိုကိုအောင်
24 May 2019
တပ်မတော်က မြေသိမ်းထားဟုဆိုကာ ပြင်ဦးလွင်တွင် ဆန္ဒပြ
တပ်မတော်က မြေ ၁၇၃ဧကအား ခြံစည်းရိုးခတ်ပြီး သိမ်းဆည်းထားသည်ဟုဆိုကာ ဆန္ဒပြသည့် ဒေသခံများ(ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(မေလ ၂၄ရက်၊ ၂၀၁၉ခုနှစ်) ။     ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စုတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူရန် မြေဧက ၁၇၃ဧကအား ခြံစည်းရိုးခတ်သိမ်းဆည်းခြင်းကို မကျေနပ်သဖြင့် ဒေသခံ လူဦးရေ ၁ဝဝခန့်က မေလ ၂၄ရက်တွင် ဆန္ဒပြခဲ့ကြသည်။

 ဆန္ဒပြသူများက ကျွဲနဖားကျေးရွာမှ နို့စားနွားမွေးမြူရေး စီမံကိန်းအဖြစ် သိမ်းဆည်းထားသည့် နေရာအထိ ချီတက်ကာ “ဒီမြေဟာ ဘယ်သူ့မြေလဲ၊ ငါတို့မြေ” ၊ “စစ်တပ်ပိုင်မြေ ဟုတ်သလား၊ မဟုတ်ဘူး” ၊ “(၁၂၁)မြေ ဟုတ်သလား၊ မဟုတ်ဘူး” ၊ “ပြည်သူကို အနိုင်ကျင့်သော (၁၂၁) ခုထွက်သွား” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

 “ကျွန်မတို့ ဓားမဦးချ လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေတွေကို ၁၂၁တပ်က အတင်းအဓမ္မ လာသိမ်းပါတယ်။ ခြံစည်းရိုးခတ်ပါတယ်။ အဲ့လိုလုပ်တာကို မကျေနပ်ပါဘူး။ ဒါကြောင့် အခုလို ဆန္ဒပြ တောင်းဆိုတာ” ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ခင်မာအေးက ပြောသည်။

 အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာအဖြစ် နယ်နိမတ်သတ်မှတ်ကာ ၁၇၃ဧကကို ဧပြီလ ၂၉ရက်က ခြံစည်းရိုးခတ်လိုက်သောကြောင့် ဒေသခံများနှင့် မြေယာအငြင်းပွားမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

 ထိုခြံစည်းရိုးခတ်စဉ်ကလည်း ဒေသခံများက တားဆီးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

 ခြံစည်းရိုးခတ်စဉ်က ရောက်ရှိလာသည့် ဗိုလ်မှူးကြီး အောင်နိုင်ဌေးက အဆိုပါ မြေများသည် ယခင်ကတည်းက တပ်မတော်၏ စီမံကိန်းမြေနေရာများဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်အရ ထိန်းသိမ်းထားသည် မြေများဖြစ်သည်ဟု ထိုစဉ်က မီဒီယာများကို ပြောဆိုထားသည်။

“ဘတ်ဂျက်ငွေနဲ့ ရတဲ့ အနေအထားအရ ကျွန်တော်တို့ စစ်သည်တွေ နွားနို့ကောင်းကောင်း မတိုက်နိုင်ဘူး။ ကျွန်တော်တို့ အကြီးအကဲကနေ ဒီအတိုင်းဆိုရင်တော့ အဆင်မပြေဘူး။ ငါတို့မြေတွေ ရှိတယ်ဆိုပြီး နို့စားနွာ မွေးမြူရေးလုပ်မယ်ဆိုပြီး ဒီစီမံကိန်းကို လုပ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

 ဒေသခံများကမူ သိမ်းဆည်းထားသော မြေနေရာသည်  ၁၉၇၃ခုနှစ်ကတည်းက ၎င်းတို့အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်လာခဲ့ကြသည်ဟု ပြောဆိုကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required