ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်ကို ဝင်တိုက်

ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်ကို ဝင်တိုက်
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၂၇ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၊ အမှတ်(၃)တိုးဂိတ်တွင် ခရီးသည်တင် ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်ငွေကောက်ခံနေသော အခန်းကို ဝင်တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဧပြီလ ၂၇ ရက်၊ နံနက် ၆ နာရီ။ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် တိုးဂိတ်အခန်းအတွင်းရှိ အသက် ၁၉ နှစ်အရွယ် ကို ကျော်ကျော်နိုင်မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မိတ္ထီလာ မြို့နယ်၊ မုန်တိုင်ကျေးရွာတွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် အောင်ဖြိုးမင်းဆိုသူ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အမှတ်(၃) တိုးဂိတ် LANE 7 ငွေကောက်ခံသည့်အခန်းအား ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရသဖြင့် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်မောင်းဖြစ်သော အောင်ဖြိုးမင်း ဆိုသူကို အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းတွင် ယာဉ် (ပ)၁၁/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required