ခရု(စ်) ဒုံးကျည် တပ်ဆင်ထားတဲ့ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို အီရန်တို့ ထုတ်ဖော်ပြသ

ခရု(စ်) ဒုံးကျည် တပ်ဆင်ထားတဲ့ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို အီရန်တို့ ထုတ်ဖော်ပြသ

ဖေဖော်ဝါရီ ၁၈  ။          ။   ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ခရု(စ်) ဒုံးကျည်တပ် အသစ်စက်စက် ရေငုပ်သင်္ဘောတစ်စင်းကို အီရန်တို့ ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါဟာ လက်ရှိကာလမှာ အမေရိကန်နဲ့အကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန် အီရန်တို့ဘက်က ယင်းနိုင်ငံရဲ့ စစ်အင်အားကို ထပ်မံ ထုတ်ဖော်ပြသလာတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ဘန်ဒါ အာဘက်စ်မှာ အဆိုပါ ခရု(စ်) ဒုံးကျည် ပစ်လွှတ်နိုင်စွမ်းရှိ ရေငုပ်သင်္ဘောသစ် ရေချပွဲ အခမ်းအနားကို ယင်းနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရေငုပ်သင်္ဘော ရေချပွဲ အခမ်းအနားကို အီရန်သမ္မတ ဟာဆန် ရိုဟာနီ ဦးဆောင် တက်ရောက်ခဲ့ပါတယ်။

" ဒီကနေ့ဟာဆိုရင် အီရန်နိုင်ငံအနေနဲ့ ကုန်း၊ ရေ၊ လေ တို့မှာ အပြည့်အဝ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသတဲ့ နေ့ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းအားက မိမိနိုင်ငံ အကျိုးအတွက် ကာကွယ်ခြင်းသက်သက်သာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဘက်ကစပြီး ဘယ်နိုင်ငံကိုမှ တိုက်ခိုက်ဖို့ ကြိုးပမ်းနေခြင်း မရှိပါဘူး" ဆိုပြီး အီရန်သမ္မတက ပြောသွားပါတယ်။

ယခု တန်ချိန် ၆၀၀ နီးပါးရှိ ရေငုပ်သင်္ဘောမှာတော့ တော်ပီဒိုတွေ၊  ရေမြုပ်မိုင်းတွေအပြင် ခရု(စ်) ဒုံးတွေပါ တပ်ဆင်ထားပြီး ပင်လယ်ရေအောက်မှာ  မီတာ ၂၀၀ ကျော်အထိ အများဆုံး ရက်ပေါင်း ၃၅ ရက်ကြာ ခုတ်မောင်းသွားလာနိုင်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required