တိုင်းအစိုးရမှ တရားစွဲထားသည့် တနင်္သာရီဂျာနယ်အမှု အပြီးသတ်အမိန့်ချမည့်ရက် ထပ်ရွှေ့

တိုင်းအစိုးရမှ တရားစွဲထားသည့် တနင်္သာရီဂျာနယ်အမှု အပြီးသတ်အမိန့်ချမည့်ရက် ထပ်ရွှေ့
ဓာတ်ပုံ-ဝေယံစိုး ( Dawie Watch ) 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ။              ။ “ မဲဆွယ်အပြုံး ” အမည်ရှိသော သရော်စာဖော်ပြမှုကြောင့် တနင်္သာရီဂျာနယ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားစွဲဆိုထားသည့်အမှုကို ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့၊ ထားဝယ်မြို့တရားရုံး၌ အပြီးသတ်အမိန့် ချမှတ်ရန် ရှိသော်လည်း တရားသူကြီးက အမိန့်ချမည့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်သည်။

တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည့်အဆိုပါအမှုကို တရားသူကြီးက အမိန့်ချရန် အဆင်သင့်မဖြစ်သေးသော ကြောင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ 

“တရားရုံးကတော့ ပြန်လှန်ထွက်ဆိုချက်တွေ သက်သေတင်ထားတဲ့ဟာတွေကို သေချာဖတ်ရမှာ ရှိတယ် ပေါ့နော်။ အဲ့ဒါတွေ ဖတ်နေတုန်းပဲ ။ အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူး။ အဲ့ဒါကြောင့် ထပ်ရွှေ့တယ်” ဟု တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က မဇ္စျိမသို့ ပြောသည်။

အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းခြင်းသည် ယခု တစ်ခေါက်ပါ အပါအဝင် နှစ်ကြိမ်ရှိပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း တရားသူကြီး ခရီးသွားနေသောကြောင့် အမိန့်ချမည့်ရက်ကို ဖေဖော်ဝါရီလ ၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် အမိန့်ချရန် အဆင့်သင့်မဖြစ်သေးသောကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည့်အမှု ဖြစ်သည်။

ယင်းအမှုအား သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ)အရ စွဲချက်တင်ရန် ထားဝယ်မြို့နယ်တရားရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် အမိန့်ချခဲ့သည်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း အမိန့်ချမှတ်မည်ဆိုလျှင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ဒဏ်ငွေချမှတ်ခံရမည် ဖြစ်သည်။

တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး တနင်္သာရီ တိုင်းအတွင်းရှိ  အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းက တရားစွဲဆိုမှုကို ခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required