မကွေးတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျပ်သန်း လေးထောင်ကျော် အသုံးပြုဆောင်ရွက်နေ

မကွေးတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျပ်သန်း လေးထောင်ကျော် အသုံးပြုဆောင်ရွက်နေ

မကွေး၊ဖေဖော်ဝါရီ ၇ ။               ။ မကွေးတိုင်းဒေသကြီးအတွင်း ၌ ကျေးရွာဖွံ့ဖြိုးရေ းစီမံချက်လုပ်ငန်းများအား ကျပ်သန်း၄၆ဝဝကျော် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင် ကျေးလက်လမ်းတံတား ၊ ရေပေးဝေရေး ၊ မီးလင်းရေး ၊ ပညာရေး ၊ ကျန်းမာရေး နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများအား တိုင်းဒေသကြီးအတွင်း၌ ကျပ်သန်း ၄၆ဝဝကျော် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်ပေါင်း ၂၁မြို့နယ်ထဲက ကျေးရွာ ၂၅ရရွာမှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဌာနဘတ်ဂျက် ကျပ်သန်း ၂၅၇၀ အသုံးပြုဆောင်ရွက်နေပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကစပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၄၃၈ရွာမှာ ဌာနထည့်ဝင်ငွေ ၄၂၁၅သန်း ၊ ပြည်သူ ထည့်ဝင်ငွေ ၃၉၉ ဒသမ ၆၉ သန်း ၊ လွှတ်တော်ရန်ပုံငွေ၅သန်းနဲ့လုပ်ဆောင်နေခြင်းဖြစ်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှ၂၀၁၈ခုနှစ် စက်တင်ဘာလကုန် မီနီဘတ်ဂျက်အထိကျေးလက်လမ်းတံတား (၁၂၃)ခု ၊ရေပေးဝေရေးလုပ်ငန်း(၃၀)ခု၊ကျေးလက်မီးလင်းရေးလုပ်ငန်း(၁၂)ခု ၊ ပညာရေးလုပ်ငန်း(၁၆)ခု ၊ကျန်းမာရေး(၇)ခု နှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်း(၉)ခုတို့အားလုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း Village Development Project (VDP) ဆိုတာကျေးရွာပြည်သူတွေ ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့စနစ်ဖြစ်ပါတယ်။ သတ်မှတ်စည်းကမ်းတွေနဲ့အညီ သက်ဆိုင်ရာ ဒေသ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ စီစစ်မှုတွေကတစ်ဆင့် ကျေးရွာတွေ ကိုအရင်ရွေးချယ်ပြီးရင် ကျေးရွာတွေမှာ တစ်ရွာလုံးရဲ့ဆန္ဒနဲ့ကော်မတီဝင်တွေကို ရွေးချယ်ရပါတယ်။ ကော်မတီဖြစ်လာရင် သူတို့ကို စီမံချက်ဘယ်လိုရေးဆွဲရမလဲဆိုတာ ဌာနက သင်တန်းပေးပါတယ်။ သင်တန်းကနေပြန်သွားရင် ကျေးရွာမှာ ဘယ်ကဏ္ဍကိုဦးစားပေးလုပ်မလဲဆိုတာ တစ်ရွာလုံးရဲ့ဆန္ဒနဲ့ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရပါတယ်” ဟု တိုင်းဦးစီးမှူးက ဆိုသည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး အချို့ ကျေးရွာများက ပြည်သူထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ကာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ကြကြောင်း ၊ ကျေးရွာလူထုဆန္ဒဖြင့် ဦးစားပေးအဆင့်အလိုက် စီမံချက်စာအုပ်ရေးဆွဲထားရှိနိုင်ခြင်းကြောင့် မည်သည့်ဌာန၊ အဖွဲ့အစည်းက ထောက်ပံ့ကူညီသည်ဖြစ်စေ ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများကို စနစ်တကျရေရှည်စီမံချက်ဖြင့် အကောင်အထည်ဖော်ခွင့်ရမည်ဖြစ်ကြောင်းတိုင်းဦးစီးမှူးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly