ထိုင်းနိုင်ငံ မဲဆောက်မှာ မြန်မာမိသားစုတစ်စု ရက်ရက်စက်စက် အသတ်ခံရ

ထိုင်းနိုင်ငံ မဲဆောက်မှာ မြန်မာမိသားစုတစ်စု ရက်ရက်စက်စက် အသတ်ခံရ

ဒီဇင်ဘာ ၁၇ ။           ။ ထိုင်းနိုင်ငံ တက်ခ် ခရိုင် မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာ မိသားစု တစ်စု ၎င်းတို့ရဲ့ နေအိမ်မှာ ရက်စက်စွာ အသတ်ခံထားရတာကို ထိုင်းရဲတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ အသက် လေးနှစ်သားအရွယ် ယောကျ်ားလေးတစ်ဦးနဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးတို့အပါအဝင် မြန်မာ မိသားစုဝင် လေးဦးတို့ကို သတ်ဖြတ်သွားတယ်လို့ သံသယရှိရတဲ့ မြန်မာ သုံးဦးကို ထိုင်းရဲတွေက လိုက်လံရှာဖွေနေပြီ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ မြန်မာ မိသားစုဝင်လေးဦးစလုံးကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ညပိုင်း ဒါမှမဟုတ် ဒီဇင်ဘာ ၁၆ ရက် အစောပိုင်းမှာပဲ နေအိမ်မှာ အိပ်ပျော်နေစဉ် အသတ်ခံလိုက်ရတယ်လို့ ယုံကြည်နေကြပါတယ်။

ယင်း လူသတ်မှုဖြစ်ပြီး မဲဆောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာတော့ အသက် ၄၅ နှစ်အရွယ်ရှိ ဦး အေးသော် နဲ့ ဇနီးသည် ဒေါ်ခင်လှ တို့ရဲ့ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်ခင်လှရဲ့ လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ လေးလသားအရွယ် ကလေးငယ်လေးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ၎င်းတို့ ဇနီးမောင်နှံရဲ့ လေးနှစ်သားအရွယ် သားဖြစ်သူကိုလည်း အနီးအနားက ရေကန်ထဲမှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါသေးတယ်။ လူသတ်သမားတွေဟာ ယင်း ကလေးငယ်ကို သတ်ပြီး အလောင်းကို ကန်ထဲ ပစ်ချထားတယ်လို့ ရဲတွေက သံသယရှိနေကြပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာမှာ  သံတွေ စိုက်ထားတဲ့ သစ်သားတုတ်တွေကိုလည်း ရဲတွေက တွေ့ရှိခဲ့ပါတယ်။

ယင်း လူသတ်မှုဖြစ်စဉ်မှာ တစ်ဦးတည်းသော အသက်ရှင်လွတ်မြောက်သွားသူကတော့ ဒေါ်ခင်လှတို့ ဇနီးမောင်နှံရဲ့ ၁၉ နှစ်အရွယ် သမီးဖြစ်သူ မပ  ဖြစ်ပါတယ်။ သူမကတော့ ယင်းညက ဆွေမျိုးတစ်ယောက်အိမ် သွားအိပ်နေတဲ့အတွက် သေဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ခုကိစ္စမှာ သူမတို့ အိမ်နီးချင်းတစ်ဦးနဲ့ ၎င်းရဲ့အပေါင်းပါတွေက လူသတ်တရားခံတွေဖြစ်နိုင်တယ်လို့ မပ က သံသယရှိနေပါတယ်။

" အရင်က သမီးတို့ မိသားစုနဲ့ အိမ်နီးချင်း ဦးဆွေတို့ ရန်ဖြစ်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ဦးဆွေနဲ့ တစ်ခြား အမျိုးသားနှစ်ယောက်က သမီးတို့ အိမ်နားမှာ အရက်သောက်နေကြတာပါ၊ သူတို့အသံ တအားဆူတော့ အဖေက သိပ်မဆူဖို့ ပြောပါတယ်၊ ကလေးကိုလည်း သိပ်ဖို့ လုပ်နေလို့့ပါ၊ အဲဒီမှာ သူတို့ သမီးတို့ အိမ်ထဲ ရောက်လာပြီး ရန်ဖြစ်ခဲ့ကြပါသေးတယ်၊ အဲဒီနောက် ဒီမတိုင်ခင် ဘာမှမဖြစ်ထားပါဘူး၊ ခုကိစ္စမှာ ညပိုင်း အဖေ၊ အမေနဲ့ ကလေးတွေ အိပ်နေတုန်း သူတို့ ရောက်လာပြီး သတ်သွားတယ်လို့ ထင်ပါတယ်" လို့ မပ က ပြောပါတယ်။

ယခုအခါမှာတော့ ထိုင်းရဲတွေက ဦးဆွေ ဆိုသူရဲ့ အိမ်ကို သွားရှာပေမယ့် မတွေ့ခဲ့တာကြောင့် ၎င်းအပါအဝင် သံသယရှိသူ သုံးဦးကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required