ငှက်ထိန်းသိမ်းရေးဧရိယာအတွင်း ငှက်လာဖမ်းသူများ၏ ငှက်လှောင်အိမ်များကို မီးရှို့ဖျက်စီး

ငှက်ထိန်းသိမ်းရေးဧရိယာအတွင်း ငှက်လာဖမ်းသူများ၏ ငှက်လှောင်အိမ်များကို မီးရှို့ဖျက်စီး
ဓာတ်ပုံ-WCS Myanmar

ရန်ကုန် ၊ဒီဇင်ဘာ ၅ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုအတွင်းရှိ ငှက်ထိန်းသိမ်းရေး ဧရိယာ အတွင်းသို့ ငှက်လာရောက်ဖမ်းဆီးသည့် အဖွဲ့များအားတားဆီးပြီးနောက် ယင်းတို့ပိုင်ဆိုင်သည့် ငှက်ဖမ်းပိုက် နှင့်ငှက်လှောင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) က သတင်းထုတ်ပြန်ခဲ့သည်။

 “သူတို့ဆီက သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ဒီဇင်ဘာလ ၁ ရက်နေ့ ကျွန်တော်တို့ အဖွဲ့ အစည်းတွေ ရှေ့မှာပဲ အသေအချာကို ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်တဲ့နေ့က နိိုင်ငံခြား ဧည့်သည်တွေလည်း ရောက်လာတယ်။ ငှက်ကြည့်သမားတွေလည်း ရှိတယ်။ သူတို့ရှေ့မှာ လွှတ်လိုက်ပါတယ်” ဟု ၀ါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စု၊ ကျေးရွာ ကျေးငှက်ထိန်းသိမ်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့်က ပြောဆိုခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့အား ကျေးရွာ ကျေးငှက်ထိန်းသိမ်းရေးအဖွဲ့က သွားရောက်တားဆီးခဲ့ရာတွင် ငှက်ဖမ်းသမားများ ထံမှ စာကလေးငှက်မျိုးစိတ်သုံးမျိုးနှင့် စာဘူးတောင်းငှက်မျိုးစိတ် သုံးမျိုးတို့ပါဝင်သည့် ငှက်အကောင် ၆၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ယင်းငှက်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

သို့သော်လည်း အဆိုပါ ငှက်သမားများဖမ်းထားသည့် ငှက် ၆၀၀ ကျော်ထဲမှ အကောင် ၁၀၀ ကျော်သည် အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု သိရသည်။

 “ကျွန်တော်တို့က အခုလို ဆက်ပြီးတော့ ထိန်းသိမ်းမယ်။ အဲဒီလိုမျိုး လာရောက်ပြီး သတ်တာ၊ ဖြတ်တာ၊ ဖမ်းတာ၊ ဆီးတာတွေကို ကာကွယ်မူတွေ ထပ်လုပ်သွားမယ်” ဟု ဦးစိန်မြင့်က ဆိုသည်။

 ကျုံကပြင်ကျေးရွာ ကျေးငှက်ထိန်းသိမ်းရေးအဖွဲ့ကို ၂၀၁၈ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး ယင်းဒေသတွင် နေထိုင်ကျက်စားသည့် ကြိုးကြာငှက်မျိုးစိတ်၊ ကိုင်းစွေ့ငှက်မျိုးစိတ်၊ စာဝါကြားငှက်မျိုးစိတ် စသည့် ရှားပါး ငှက်မျိုးစိတ်များ နှင့် အခြားသော ရှားပါးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း သိရသည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly