တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေ
Photo credit - Myawady

စက်တင်ဘာ ၇ ရက် ။             ။ အစ္စရေးနိုင်ငံ၏ အကြီးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လေ့လာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည်။

စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မနက်ပိုင်းတွင် အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ Ben-Gurion လေဆိပ်သို့ ရောက်ရှိကြရာ အစ္စရေးနိုင်ငံ SIBAT (International Defense Cooperation Directorate) Director Mr. Mishel Ben Baruch ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့်အတူ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေးတို့က ကြိုဆိုကြသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အစ္စရေးတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးရန် အစ္စရေးအစိုးရ၊ အစ္စရေးတပ်မတော်တို့မှ တာဝန်ရှိ သူများလည်း တွေ့ဆုံမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။

အစ္စရေးနိုင်ငံကို ၁၉၄၈ ခုနှစ်၊ မေ ၁၄ ရက်တွင် ထူထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံက ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် အသိအမှတ်ပြုခဲ့ပြီး အစ္စရေး-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့သည်။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့၌ ၁၉၅၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကို ရန်ကုန်မြို့၌ ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ် ခဲ့သည်။

ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၅ ခုနှစ်တွင် တစ်ကြိမ်၊ အိမ်စောင့်အစိုးရလက်ထက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၉ ခုနှစ်တွင် တစ်ကြိမ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ သည်။ ယခုခရီးစဉ်သည် နှစ်ပေါင်း ၅၆ နှစ်နောက်ပိုင်း အစ္စရေးနိုင်ငံသို့ တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly