ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းကို နိုင်ငံ့ဘဏ္ဍာမသုံးဘဲ တည်ဆောက်မည်

ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းကို နိုင်ငံ့ဘဏ္ဍာမသုံးဘဲ တည်ဆောက်မည်
ဓာတ်ပုံ -ရန်ကုန်-မန္တလေး အမြန်လမ်းကို တွေ့မြင်ရစဉ်

 

ဇူလိုင် ၃၀ ။          ။ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမည် မဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“စတင်အကောင် အထည်ဖော်ဆောင်ရွက်တဲ့ အချိန်မှစ၍ သုံးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ပါတယ်။၎င်းစီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမှာ မဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ် ပါတယ်”ဟု ဦးကျော်လင်းက ဆိုသည်။

ဇူလိုင်လ ၃၀ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျောက်တံတား မဲဆန္ဒ နယ်မှ ဦးနေမျိုးထက်မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူလူထုသွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေရန်အတွက် Inner Ring Road ပြုလုပ်ရန်အစီအစဉ် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဦးကျော်လင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းသည် ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့်ကမ်းနားလမ်းထောင့်မှ စတင်၍ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်လမ်း၊ မြောက်ဥက္ကလာလမ်း၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည်‌့မြင်တိုင်လမ်းတို့ကိုဖြတ်သန်းကာ ပန်းလှိုင် လမ်းထောင့်တွင်ဆုံးမည့် စီမံကိန်းတစ်ခု ဖြစ်သည်။

စီမံကိန်းဒုတိယအဆင့်အဖြစ်၂၀၁၈ ခုနှစ် သြဂုတ်လတွင် Request for Qualificationကို ခေါ်ဆို သွားမည်ဟု သိရပြီး RFQ အောင်မြင်သွားသည့် ကုမ္ပဏီများအနေဖြင့် စီမံကိန်း တတိယ အဆင့် အဖြစ်၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင် Request for Proposal ကို ဆက်လက် ခေါ်ယူသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးအဆင့်ဖြစ်သော Bidder Winning Award and Contracting ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နှင့်ဖေဖော်ဝါရီလများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ဆောင်ရွက်ပြီးပါက တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly