ရန်ကုန်ယာဉ်ကြောထိန်းချုပ်စင်တာ ပြီးစီးမည့်အချိန် မသိရှိသေးကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

ရန်ကုန်ယာဉ်ကြောထိန်းချုပ်စင်တာ ပြီးစီးမည့်အချိန် မသိရှိသေးကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

 

ရန်ကုန်၊ ဇွန်လ ၈ရက် ။            ။ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းခန့်ကတည်းက ပြီးစီးခါနီးနေပြီဟုသာ သိခဲ့ရသည့် ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေး စင်တာ(Traffic Control Center) ပြီးစီးမည့် အချိန်ကို မသိရှိသေးကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဇွန်လ ၈ ရက်တွင် ပြောသည်။

ယနေ့ ဇွန်လ ၈ ရက်နေ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (၄၂) ရက် မြောက်နေ့အစီအစဉ်တွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ၏ မေးခွန်းကို ယင်းကဲ့သို့ ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွက် ဥပဒေနှင့် နည်းဥပဒေများထွက်ပေါ်လာစေရန် မည်သို့ဆောင်ရွက်ထားပြီး လွှတ်တော်တွင် ဆွေးနွေးနိုင်မည့်နေ့ရက်အား သိလိုပါကြောင်း၊ ငွေပေးချေနိုင်မည့် ကတ်စနစ်အား ယနေ့တိုင်အကောင်ထည်ဖော်နိုင်ခြင်းမရှိသည်မှာ မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါကြောင်း၊ ယာဉ်ကြောထိန်းချုပ်ရေးစင်တာအနေဖြင့် မည်သည့် နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်ကို သိလိုပါကြောင်းတို့ကို ဦးကျော်ဇေယျက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Traffic Control Center)နှင့်ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးကြောင်း ဒေါ်နီလာကျော်က ဖြေဆိုခဲ့သည်။

"Traffic control center နဲပတ်သက်ပြီး စာချုပ်က အရင်လက်ထက်က ချုပ်ဆိုခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ လုပ်ငန်းအ ကောင်အထည်ဖော်ရတဲ့အခါမှာ စာချုပ်တွေကိုလည်း   ပြန်လည်ညှိနှိုင်းရတာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ချိတ်ဆက်ပြီးဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်အဆင့်တွေဟာ များပြားတဲ့ အတွက်ကြောင့် ကျွန်မတို့အနေနဲ့ Final အဆင့်ကိုမရောက်ခင်မှာတော့ အချိန်ယူဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့အချိန်ကို အခုအချိန်မှာတော့ အတိအကျမပြောနိုင်သေးသော်လည်း မကြာခင်မှာတော့ ကျွန်မတို့အနေနဲ့အချိန်ကို ထုတ်ပြန်ပေးမှာဖြစ်တဲ့အကြောင်း  လေးစားစွာဖြေကြားအပ်ပါတယ်" ဟု ဒေါ်နီလာကျော်က ဖြေဆိုခဲ့သည်။

ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Traffic Control Center)ကို လုပ်ကိုင်ရန် တာဝန်ယူထားသည့် ကုမ္ပဏီများမှာ Myanmar Shwe Ying International ကုမ္ပဏီလိမိတက်နှင့် China Railway 21st Bureau Group ကုမ္ပဏီလိမိတက်တို့ဖြစ်သည်။

ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Trafic Control Center)မှ ရန်ကုန်မြို့ရှိ မီးပွိုင့်ပေါင်း ၁၅၄ ခုကို ထိန်းချုပ် နိုင်ပြီး၊ ရန်ကုန်မြို့ထဲ အဝင်၊အထွက်နေရာများ၊ယာဉ်ရပ်နားခွင့်မရှိသည့်နေရာများတွင် ရပ်နားထားသည့် ယာဉ်များကိုလည်း အရေးယူရန် စောင့်ကြည့်နိုင်သည်ဟု သိရသည်။

ကင်မရာတပ်ဆင်မှု ၉၀ရာခိုင်နူန်း၊ ဆက်သွယ်ရေးဖိုင်ဘာကြိုးတပ်ဆင်မှု ၈၀ရာခိုင်နူန်း၊ လမ်းအမှတ်သားပြုပြင် ရေးဆွဲမှု ၆၀ရာခိုင်နူန်း ပြီးစီးကြောင်း (YRTA)၏ ဒုတိယအတွင်းရေးမှူး ဦးသန်းဝင်းက ဇန်နဝါရီလ ၁၈ ရက်က မဇ္ဈိသို့ ပြောထားသည်။

ယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင်ယာဉ်ကြောထိန်းချုပ်ရေးစင်တာတည်ဆောက်ရန်အတွက်သမ္မတရုံးရန်ပုံငွေမှ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ Myanmar Shwe Ying International ကုမ္ပဏီလိမိတက်နှင့် China Railway 21st Bureau Group ကုမ္ပဏီလိမိတက်တို့ကို ၂၀၁၆ ဖေဖော်ဝါရီလမှ စတင်ကာ စာချုပ်ချုပ်ဆိုခဲ့သည်။

Myanmar Shwe Ying International ကုမ္ပဏီမှာ နည်းပညာကုမ္ပဏီမဟုတ်သလို Traffic Control (ယာဉ်ကြောထိန်းချုပ်ရေး) လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီလည်းမဟုတ်ဘဲ Trading ကုမ္ပဏီတစ်ခု အနေဖြင့် တင်ဒါခေါ်ယူရာတွင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ခံChina Railway 21st Bureau Group ကုမ္ပဏီလိမိတက် မှာလည်း မီးရထားလမ်းဖောက်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တင်ဒါခေါ်ယူရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Van Guard ကုမ္ပဏီ၏ ဒါရိုက်တာ ဦးသိန်းအောင်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required