ဇွန် ၄၊ ဘာစီလိုနာ။ ။ ဘာစီလိုနာအသင်းဟာ မန်ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ပြင်သစ်နောက်ခံလူအွန်တီတီကို ငါးနှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကစားဖို့ ပြင်သစ်အသင်းနဲ့အတူလေ့ကျင့်နေတဲ့ အွန်တီတီဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် တနင်္လာနေ့မှာ ဘာစီလိုနာကို ပြန်ရောက်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ လိုင်ယွန်ကနေ ယူရို ၂၅ သန်းနဲ့ပြောင်းလာပြီးနောက် ဘာစီလိုနာအသင်းမှာ နေရာတစ်နေရာ အခိုင်အမာ ရလာတဲ့ ကင်မရွန်းနွယ်ဖွား အသက် ၂၄ နှစ်အရွယ် အွန်တီတီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၈ ပွဲ ကစားထားပါတယ်။
သူ့ရဲ့စာချုပ်ဟောင်းမှာ ထည့်သွင်းချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ က စာချုပ်သစ်မှာတော့ မြင့်တက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင်သူ့ရဲ့ လစာကလည်း လက်ရှိထက် နှစ်ဆလောက်မြင့်တက်သွားဖွယ်ရှိတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။
အွန်တီတီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ပါဝင်ကစားထားပြီး အသင်းနဲ့အတူ ကိုပါဒယ်ရေးနဲ့ လာလီဂါဖလားတစ်ကြိမ်စီ ရရှိထားပါတယ်။
ခံစစ်ကိုအင်အားဖြည့်ချင်နေတဲ့ မန်ယူနိုက်တက်အသင်းကတော့ အွန်တီတီကိုခေါ်ယူဖို့မဖြစ်နိုင်တော့တဲ့နောက်မှာ စပါးအသင်းရဲ့ အယ်ဒါဝီယာကို ခေါ်ဖို့ အရှိန်မြှင့်ကြိုးစားသွားဖွယ်ရှိနေပါတယ်။ အယ်ဒါဝီယာရဲ့ စျေးနှုန်းကတော့ ပေါင် ၅၅ သန်းဖြစ်ပါတယ်။
Ref; AFP