အရှေ့တီမော သမ္မတက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ခေါ်ယူဖို့ စီစဉ်

အရှေ့တီမော သမ္မတက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ခေါ်ယူဖို့ စီစဉ်

ဇန်နဝါရီ ၂၆ ။            ။ နိုင်ငံရေး အကျဉ်းအကြပ် အခြေအနေတစ်ခုအောက် ကျရောက်နေတဲ့ အရှေ့တီမောနိုင်ငံမှာ ဇန်နဝါရီ ၂၆ ရက်မှာပဲ သမ္မတက ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး   ရွေးကောက်ပွဲအသစ်တွေ ခေါ်ယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ယမန်နှစ် ရွေးကောက်ပွဲအပြီးကတည်းက နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေအောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ယခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ အရှေ့တီမောသမ္မတ Francisco Lu Olo Guterres က ပြောပါတယ်။

ယင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ရွေးကောက်ပွဲတုန်းမှာတော့ ပြတ်ပြတ်သားသား အနိုင်ရသူ ထွက်ပေါ်မလာခဲ့ဘဲ ဝန်ကြီးချုပ် Mari Alkatiri ရဲ့ Fretilin ပါတီက အတိုက်အခံ CNRT ပါတီထက် မဲရာခိုင်နှုန်း ၀ ဒသမ ၂ ရာခိုင်နှုန်း မျှသာ အသာရထားခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်တုန်းက Alkatiri ကို အစိုးရဖွဲ့ဖို့ သမ္မတက ပြောကြားခဲ့ပေမယ့်လည်း လွှတ်တော်အတွင်း အမတ်အများစု အနိုင်ရထားခဲ့တဲ့ CNRT ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ယင်းအစီအစဉ်ကို ခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ရှေ့မတိုး နောက်မဆုတ်အခြေအနေကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ယင်းနောက် အတိုက်အခံအုပ်စုအနေနဲ့ နိုင်ငံကို အာဏာသိမ်းဖို့ လုပ်နေတယ်ဆိုပြီး ဝန်ကြီးချုပ် Mari Alkatiri ဘက်က စွပ်စွဲခဲ့သလို တစ်ဘက်က CNRT ညွန့်ပေါင်းအုပ်စုကလည်း အစိုးရဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး ထုတ်ဖော်ခဲ့ပါတယ်။

" ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဒီစိန်ခေါ်မှုတွေကို ရှင်းပေးနိုင်မယ့်သူက  ပြည်သူတွေပဲ ရှိပါတော့တယ်၊ ဒါကြောင့်လည်း နောက်ထပ် ရွေးကောက်ပွဲ ပြန်ကျင်းပပြီး ပြန်မဲပေးရွေးချယ်ခိုင်းရပါတော့မယ်" ဆိုပြီး သမ္မတ Guterres က ပြောသွားပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် ရက်အသေးစိတ်ကို ပြန်လည် ထုတ်ပြန်ပေးသွားမယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required