ဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

ဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း
Photo: AFP

အစ္စရေးတပ်ဖွဲ့များသည် နိုဝင်ဘာ ၁၅ ရက်တွင် ဂါဇာ၏ အကြီးဆုံးဆေးရုံထဲ ဝင်ရောက်ပြီး အခန်းများနှင့် မြေအောက်ခန်းတို့ကို ရှာဖွေနေခဲ့ကြသည်ဟု မျက်မြင်သိရှိသူများက ပြောသည်။ အစ္စရေး၏ အဆိုပါ စီးနင်းရှာဖွေမှုက နိုင်ငံတကာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤမတိုင်မီက ဆေးရုံဂိတ်ပေါက်များတွင် လူသေဆုံးသည့် ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည်ဟုလည်း အစ္စရေးက ပြောသည်။

ဂါဇာမြို့ရှိ အယ်လ် ရှီဖာ ဆေးရုံသည် အစ္စရေးတပ်ဖွဲ့များ၏ မြေပြင်စစ်ဆင်ရေး၏ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပြီး အဆိုပါ ဆေးရုံအောက်ရှိ ဥမင်လိုဏ်များတွင် ဟားမတ်စ်တို့၏ ဌာနချုပ် ရှိသည်ဟု အစ္စရေးတို့က ပြောသည်။ ထိုပြောဆိုချက်က မှန်ကန်ခြင်းမရှိဟု ဟားမတ်စ်က ငြင်းဆန်သည်။

လက်ရှိအချိန်တွင် အယ်လ် ရှီဖာ ဆေးရုံဝင်းအတွင်း ပိတ်မိနေသည့် နေရပ်စွန့်ခွာသူ အရပ်သား ထောင်ချီနှင့် လူနာ ရာချီတို့၏ ကံကြမ္မာအပေါ် တကမ္ဘာလုံးက အာရုံစိုက်လျက်ရှိသည်။ ဆေးရုံကို အစ္စရေး၏ ဝိုင်းထားမှုကြောင့် ပြီးခဲ့သည့် ရက်များအတွင်း မွေးကင်းစ ကလေးများ အပါအဝင် လူနာအများအပြား အသက်သေဆုံးခဲ့သည်ဟု ဂါဇာတာဝန်ရှိသူများက ပြောသည်။

အစ္စရေးက ၎င်းတို့ တပ်ဖွဲ့ဝင်များသည် ဂိတ်ပေါက်များ၏ အပြင်ဘက် ထိပ်တိုက်တွေ့မှုတခုအတွင်း ဟားမတ်စ် တိုက်ခိုက်ရေးသမားများကို ရှင်းလင်းခဲ့ကြောင်းနှင့် ဆေးရုံအတွင်း ရှိနေသူများအတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ယူဆောင်လာခဲ့ကြောင်း ပြောသည်။

“ဆေးရုံထဲ မဝင်ခင် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေအပြင် ဟားမတ်စ်တွေနဲ့ ရင်ဆိုင်တွေ့လို့ တိုက်ခိုက်ရှင်းလင်းခဲ့ရာမှာ ဟားမတ်စ်တွေ သေဆုံးခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က ပြောသည်။

“အစ္စရေးကနေ တင့်ကားတွေနဲ့ သယ်လာတဲ့ အင်ကျူဘေတာတွေ၊ ကလေး အစားအစာတွေနဲ့ ဆေးဘက်ပစ္စည်းတွေဟာ ရှီဖာ ဆေးရုံကို အောင်အောင်မြင်မြင်နဲ့ ရောက်ရှိခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။အဲဒီ အထောက်အပံ့ပစ္စည်းတွေ လိုအပ်သူတွေဆီ အသေအချာ ရောက်စေဖို့ ကျွန်တော်တို့ရဲ့ ဆေးဘက်အဖွဲ့တွေနဲ့ အာရပ်စကားပြော စစ်သားတွေက မြေပြင်မှာ လုပ်ဆောင်နေတယ်” ဟု အစ္စရေးစစ်တပ်က ပြောသည်။

တချိန်တည်းမှာပင် ပြီးခဲ့သည့် ညပိုင်းအတွင်း ဆေးရုံအပြင်ဘက်တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ချိန် ဝန်ထမ်းများအနေဖြင့် ပုန်းအောင်းနေခဲ့ကြရသည်ဟု ဆရာဝန်တဦးဖြစ်သည့် ဒေါက်တာ အာမက်ဒ် အယ်လ် မိုဟာလယ်လာတီက ရိုက်တာကို ဖုန်းဖြင့် ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required