ပုသိမ်တွင် လူ ၅ ဦးထက်ပိုမစုဝေးရန် ထုတ်ပြန်ထားသော်လည်း နေ့စားဆန္ဒပြသူများနှင့် တပ်ထောက်ခံပွဲ ပြုလုပ်

By မင်းထက်(မဇ္စျိမ)
15 November 2023
ပုသိမ်တွင် လူ ၅ ဦးထက်ပိုမစုဝေးရန် ထုတ်ပြန်ထားသော်လည်း နေ့စားဆန္ဒပြသူများနှင့် တပ်ထောက်ခံပွဲ ပြုလုပ်
ပုံအညွှန်း- ယနေ့နံနက်ပိုင်းက ကန်သာယာကွင်းအတွင်း ဆန္ဒပြနေသည့် နေ့စားများနှင့် တပ်မိသားစုများ(ဓာတ်ပုံ- လူမှုကွန်ယက်)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရန် စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသော်လည်း လူအင်အား ၂၀၀ ဝန်းကျင်ခန့်ပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ကန်သာယာကွင်းတွင် စစ်တပ်မိသားစုဝင်များနှင့် နေ့စားဆန္ဒပြသူများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စစ်တပ်ထောက်ခံခဲ့ဖူးသူတဦးက ပြောသည်။

“စစ်တပ်မိသားစုတွေကိုဆန္ဒပြဖို့ဆိုပြီး မနက်က လိုက်ထရပ်ကားတွေနဲ့သွားခေါ်တာ တွေ့တယ်။ ကျန်တဲ့ လူတွေကတော့ ပုသိမ်မြို့ပေါ်က ကျူးကျော်တွေနဲ့ ပုလင်းခွံ၊ ဗူးခွံ ကောက်တဲ့လူတွေပါ။အရင်ကလိုပဲ နေ့စားခပေးပြီး ခေါ်ထားတာပေါ့။ ကြံ့ခိုင်ရေးတွေကတော့ နည်းနည်းပဲတွေ့တယ်၊ မျက်နှာမပြရဲလို့ထင် တယ် မလာကြဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဆန္ဒပြပွဲတွင် နေ့စားများနှင့် စစ်တပ်မိသားစုဝင် စုစုပေါင်း ၂၀၀ ဝန်းကျင်ခန့်ပါဝင်ခဲ့ပြီး စစ်ကောင် စီတပ်အား ထောက်ခံကြောင်းရေးသားထားသည့် စာတန်းများကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

ပုသိမ်မြို့နယ်စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပုဒ်မ ၁၄၄ အမိန့်ကို အောက်တိုဘာ လ ၂၉ ရက်က ထုတ်ပြန်ကြေညာထားသည်။

ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ချက်တွင် “လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှုတစုံတရာ ကျူး လွန်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူငါးဦး သို့မဟုတ် လူငါးဦးထက်ပိုသောသူများသည် ပုသိမ်မြို့နယ် အတွင်း မည်သည့်နေရာတွင်မဆို စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ရန်” ဟု ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း လူအင်အားရာချီပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ များနှင့် ရဲများကိုယ်တိုင်လုံခြုံရေးပေးကာ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျူးကျော်တွေမှာနေတဲ့လူတွေကို မင်းတို့ကိုမဖျက်ခိုင်းဘူး ဆက်နေ ငါတို့ခေါ်ခိုင်းရင် လာရမယ်ဆိုပြီး လုပ်ထားတာတွေမှ အများကြီး။ ကျွန်တော်တို့မအူပင်မှာဆိုရင်လည်း ဒီတိုင်းပဲ။ ကျူးကျော်တွေကိုခေါ် နေ့စားခပေးပြီး တပ်ထောက်ခံပွဲလုပ်ခိုင်းနေတာ။ နိုင်ငံတကာအမြင်မှာ ပြည်သူက စစ်တပ်ကိုထောက်ခံ ပါတယ်ဆိုတဲ့ အကွက်ကိုပြချင်နေတာပေါ့။ အလကားပါ သူတို့ကိုဘယ်သူမှ မယုံတော့ဘူးဆိုတာ အခုထိ မသိကြသေးဘူး” ဟု နိုင်ငံရေးတပ်ကြွလှုပ်ရှားသူတဦးက တပ်ထောက်ခံပွဲအပေါ် သုံးသပ်ပြောဆိုသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required