ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအကြား အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အင်ဒိုနီးရှားတွင် ကျင်းပ

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအကြား အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အင်ဒိုနီးရှားတွင် ကျင်းပ
Photo: EPA

ဂါဇာတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေးနှင့် မြန်မာအကျပ်အတည်းအပေါ် ခိုင်မြဲသည့် ဖြေရှင်းနည်းလမ်းတခုအတွက် တွန်းအားပေးလုပ်ဆောင်ရေးကို အာဆီယံကာကွယ်ရေးဝန်ကြီးများက နိုဝင်ဘာ ၁၅ ရက် ဂျကာတာတွင် ကျင်းပသည့် ဒေသတွင်းအစည်းအဝေးတခု၏ ဖွင့်ပွဲအတွင်း တိုက်တွန်းတောင်းဆိုသည်။

အာဆီယံအုပ်စုမှ ကာကွယ်ရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ်ဒေသရှိ အဓိက သက်ဆိုင်သူများနှင့်အတူ နှစ်ရက်တာ အစည်းအဝေးကို တက်ရောက်နေခြင်း ဖြစ်ပြီး ဒေသတွင်း ဩဇာလွှမ်းမိုးရေးအတွက် အင်အားကြီးနိုင်ငံများ အလုအယက် ကြိုးပမ်းနေစဉ် မြန်မာမှ စပြီး အရှေ့အလယ်ပိုင်းအထိ ပဋိပက္ခများက နက်ရှိုင်းလာနေသည်။

အထူးသဖြင့် အလွန်ဆိုးဝါးနေသော လူသားချင်းစာနာမှု အခြေအနေ အပါအဝင် ဂါဇာရှိ ယိုယွင်းဆိုးရွားနေသည့် အခြေအနေများအပေါ် ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအနေဖြင့် လွန်စွာ ဝမ်းနည်းရ‌ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက နှစ်စဉ်ကျင်းပသည့် အစည်းအဝေးအဖွင့်တွင် ပြောသည်။

“အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က ပြတ်သား၊ ခိုင်မာပါတယ်။ ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာမှု အကူအညီအတွက် စင်္ကြံတွေ ချက်ချင်း ထူထောင်ဖို့ မိမိတို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဆုံးသတ်စေရေးအတွက် ပိုမို လုပ်ဆောင်ပေးရန် ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ ရောက်ရှိသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းခဲ့သည်။

မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဟာဂျီ ဟက်ဆန်ကလည်း ဂါဇာ၌ ချက်ချင်း အပစ်ရပ်ရေးကို ထပ်လောင်း တောင်းဆိုပြီး လူများကို ဓားစာခံ ဖမ်းဆီးခြင်းနှင့် အရပ်သားနေအိမ်များကို ဗုံးကြဲခြင်း အပါအဝင် အကြမ်းဖက်မှု ပုံစံမျိုးစုံအပေါ် မလေးရှားအနေဖြင့် ပြစ်တင်ရှုတ်ချသည်ဟု ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖရိုဖရဲ အခြေအနေများအောက် ကျရောက်နေသည့် မြန်မာ့အကျပ်အတည်းအတွက်လည်း ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတခုဆီ ခိုင်မာသည့် တိုးတက်မှု ရရှိရေး တွန်းအားပေးလုပ်ဆောင်ကြရန် ပရာဘိုဝိုက အခြားသော အာဆီယံကာကွယ်ရေးဝန်ကြီးများကို တိုက်တွန်းသည်။

အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် ပဋိပက္ခများ အရှိန်မြင့်နေခြင်းနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားရေပြင်တွင် တင်းမာမှုများ မြင့်တက်နေခြင်းတို့ ရှိနေစဉ် ယခု တနှစ်တာ အစည်းအဝေး ကျင်းပခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက် အစည်းအဝေးတွင် မြန်မာကိုယ်စားပြုသူ မပါဘဲ အခြားသော အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်ကြပြီး နောက်တနေ့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်သည်လည်း အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required