မြိုတိုင်းရင်းသားများနေရန် ဧရာဝတီတိုင်းအစိုးရက ဆောက်လုပ်ပေးသော နေအိမ် ၄၄ လုံး ဧပြီတွင် လွှဲအပ်မည်

မြိုတိုင်းရင်းသားများနေရန် ဧရာဝတီတိုင်းအစိုးရက ဆောက်လုပ်ပေးသော နေအိမ် ၄၄ လုံး ဧပြီတွင် လွှဲအပ်မည်
မောင်တောရှိ မြိုတိုင်းရင်းသားရွာတစ်ရွာအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ- အေးချမ်းခိုင်

 

ပုသိမ်၊ ဇန်နဝါရီလ ၂၃ ။              ။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရက မြိုတိုင်းရင်းသားများ နေထိုင်ရန်အတွက် အိမ် ၄၄ လုံးအား ကျပ် သိန်း ၃၀၀၀ ကျော် အကုန်ကျခံ ဆောက်လုပ်ပေးပြီး လာမည့် ဧပြီလ တွင် ရခိုင်ပြည်နယ်အစိုးရသို့လွဲပြောင်းပေးမည်ဖြစ်ကြောင်းကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ဧရာဝတီတိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ၊ CSO များ ပူးပေါင်းပြီး ကောက်ခံရရှိသော အလှူငွေများနှင့် ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ်၊ သစ်တုံးနားဂွဆုံရွာရှိ မြိုတိုင်းရင်းသားများ နေထိုင်မည့် အိမ် ၄၄ လုံး ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

“မောင်တောမြို့နယ်၊ မြောက်ပိုင်းဒေသရှိ သစ်တုံးနားဂွဆုံဆိုတဲ့ရွာမှာ အိမ် ၄၄ လုံး ဆောက်တာပါ၊ ပြီးစီးဖို့ အမြန်တိုက်တွန်းထားပါတယ်၊ ဧပြီလ အလယ်လောက်ကို ရခိုင်ပြည်နယ်အစိုးရကို အိမ်၄၄လုံးလွဲှဲနိုင်အောင် လုပ်နေပါတယ်။ အိမ်အပြင် လမ်းတွေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအဖွဲ့က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ၊ CSO များအပါဝင် ခရိုင်အလိုက် ရှင်းပြပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။  ပြီးရင် ကောက်ခံရရှိငွေ သုံးစွဲငွေကို ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါနေအိမ် ၄၄ လုံးအတွက် ကုန်ကျမှုမှာ အိမ်တစ်လုံးလျှင် ကျပ် ၈၅သိန်း ကုန်ကျပြီး၊ စုစုပေါင်း ကျပ် သိန်း ၃၄၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအစိုးရအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာနှင့် ကိုင်းကြီးကျေးရွာတို့တွင် နေအိမ်များ ဆောက်လုပ်ပေးနေသည်။

မောင်တောမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ရှိနေသည့် ပန်းတောပြင်ကျေးရွာတွင် နေအိမ် ၂၂ လုံး၊ မောင်တောမြို့ နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည့် မြိုတိုင်းရင်းသားများနေထိုင်သည့် ကိုင်းကြီးကျေးရွာတွင် နေအိမ် အလုံး ၅၀ ဆောက်လုပ်ပေးမည် ဖြစ်သည်။

အဆိုပါ တိုင်းအစိုးရများ နေအိမ် ဆောက်လုပ်ပေးနေသော အစီအစဉ်များသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ၏ ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ်အနက် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရေး ကို စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required