တိုရွန်တိုလေဆိပ်တွင် ဂျက်လေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွား

တိုရွန်တိုလေဆိပ်တွင် ဂျက်လေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွား

 

တိုရွန်တို၊ ဇန်နဝါရီ ၆ ။             ။ ကနေဒါနိုင်ငံ တိုရွန်တိုလေဆိပ်တွင် ဇန်နဝါရီ ၅ ရက်က မြေပြင်တွင် ဂျက်လေယာဉ်နှစ်စင်း တိုက်မိပြီး တစ်စီး၏ အမြီးပိုင်းမှာ မီးလောင်မှုဖြစ်၍ ခရီးသည်များကို အရေးပေါ်ထွက်ပေါက်မှနေကာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

Toronto Pearson အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် WestJet နှင့် Sunwing  လေကြောင်းလိုင်းမှ လေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွားခြင်း ဖြစ်ပြီး ငါးလအတွင်း ယင်းလေဆိပ်မှာ ဒုတိယအကြိမ်မြောက် မတော်တဆမှုဖြစ်ရပ်ပဲ ဖြစ်သည်။

လူမှုမီဒီယာတွင် ပျံ့နှံ့သော ဗီဒီယိုဖိုင်များအရ လေယာဉ်တစ်စင်းမှာ အမြီးပိုင်း မီးလောင်ပြီး မီးခိုးများ အူထွက်နေသည်ကို တွေ့ရကာ နောက်ပိုင်းပုံရိပ်များအရ ယင်းမီးလောင်လေယာဉ်မှာ Sunwing လေယာဉ်ဖြစ်ကြောင်း ထောက်ဆရသည်။

“WestJet လေကြောင်းလိုင်းကတော့ ခရီးသည်နဲ့ အမှုထမ်း ၁၆၈ ဦး လိုက်ပါတဲ့ ဘိုရင်း ရ၃၇-၈၀၀ လေယာဉ်ဖြစ်တဲ့ WS2425 တိုက်မှုဖြစ်တာကို အတည်ပြုပါတယ်။ လေယာဉ်များ အဝင်အထွက်လမ်းမှာ စောင့်ဆိုင်းရပ်ထားချိန် Sunwing လေယာဉ်က ဝင်တိုက်တာပါ။"”ဟု ယင်း WestJet လေကြောင်းလိုင်းက တွစ်တာတွင် ဖော်ပြသည်။

”ဒီလို သွားလမ်းမှာ တိုက်မှုဖြစ်တာကြောင့် WestJet လေယာဉ်ပေါ်က ခရီးသည်တွေကို အရေးပေါ် လျှောတိုက်ဆင်းစေပြီး ဘေးလွတ်ရာ ရွှေ့ခဲ့ရတယ်။ အရေးပေါ်အဖွဲ့တွေ ချက်ချင်းရောက်ပြီး တုံ့ပြန်ဆောင်ရွက်တယ်။ ခရီးသည်တွေ ဘေးကင်းပါကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။”ဟု အဆိုပါ တွစ်တာတွင် ဖော်ပြထားသည်။

Sunwing လေကြောင်းလိုင်းကလည်း အဆိုပါ တိုက်မှုအကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာမှ တစ်ဆင့် အတည်ပြုထားသည်။

"Sunwing က လေယာဉ်တစ်စီး လေဆိပ်မြေပြင်မှာ အခြားလေယာဉ်တစ်စီးနဲ့ တိုက်မိမှုဖြစ်ပါတယ်။ ဒီလေယာဉ်ပေါ်မှာ တိုက်မိချိန်က ခရီးသည်၊ အမှုထမ်း တစ်ယောက်မှ မပါပါ။”ဟု ရေးသားဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required