အခွန်အမှတ်တံဆိပ်မရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးအား ရှောင်တခင်စစ်ဆေးပြီး အရေးယူမည်

အခွန်အမှတ်တံဆိပ်မရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးအား ရှောင်တခင်စစ်ဆေးပြီး အရေးယူမည်

 

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။       ။ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက်၊ ဝိုင်မျိုးမျိုးနှင့် တရားမဝင်တင်သွင်းထားသော ဘီယာအမျိုးမျိုးတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး သိမ်းဆည်းအရေးယူသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးရုံးမှ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

အဆိုပါ အရက်၊ စီးကရက်၊ ဝိုင်မျိုးမျိုးနှင့် ဘီယာအမျိုးမျိုးတို့အား အထူးကုန်စည်အဖြစ်သတ်မှတ်ထားပြီး အခွန် အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းဝယ်နေကြောင်း စစ်ဆေးတွေ့ရှိပါက အထူးကုန်စည်ခွန် ဥပဒေနှင့် အညီအရေးယူကာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ဝယ်ရောင်းချသူမှာ  ကုန်စည်တန်ဖိုး၏ ၁ဝဝ ရာခိုင်နှုန်းကို ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဖမ်းဆီး ရမိသောကုန်စည်မှာ ပြည်တွင်းထုတ်ကုန်ဖြစ်နေပါက ထုတ်လုပ်သူကလည်း ကုန်စည်တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်း ကို ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

“ ဒါကနဂိုကတည်းကလည်း သူ့ဥပဒေအရ ရှိပြီးသားပါ။ ကျွန်တော်တို့ သတင်းစာထဲမှာလည်း တောက် လျှောက်ထည့်ပေးနေပါတယ်။ အရက်၊ ဘီယာတွေမှာ အခွန်အမှတ်တံဆိပ် ကပ်ထားတာ မရှိဘူးဆိုရင် တိုင်မယ် ဆိုရင် တိုင်နိုင်တယ်။ ဖမ်းဆီးအရေးယူမှုပိုင်းတွေကို ထိရောက်အောင်လုပ်ပေးမယ်။ ကျွန်တော်တို့က အခွန် အမှတ်တံဆိပ်ကပ်ထားတဲ့ အရက်၊ ဘီယာတွေပဲ   ရောင်းခွင့်ပြုပေးထားတယ်။ အဲ့ဒီလို့ခွင့်ပြု ရောင်းခိုင်းထား တာကို စျေးကွက်အတွင်းမှာပဲ ပြည်သူလူထုတစ်ယောက်ယောက်က ဘယ်ဆိုင်ကတော့…အရက်တွေ ရောင်းတာ အမှတ်တံဆိပ်ကပ်ထားတာမရှိဘူးဆိုပြီး တွေ့ရှိခဲ့ရင် ကျွန်တော်တို့ဌာနရဲ့ နီးစပ်ရာမြို့နယ်ရုံးကို တိုင်ကြားလို့ရပါတယ်”ဟု ဦးဂျွန်စိန်ဂီက ပြောသည်။

ထိုသို့ တိုင်ကြားမှုများရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်သည့်အပြင် စျေးကွက်အတွင်း ရှောင်တခင်ဝင် ရောက်စစ်ဆေးပြီးလည်း သိမ်းဆည်းအရေးယူမှုများ   ပြုလုပ်သွားမည်ဖြစ်ကြောင်း   ပြည်တွင်းအခွန်များဦးစီးရုံးမှ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက ပြောသည်။

“ တိုင်ကြားမှ အရေးယူတာ လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ တိုင်ကြားတဲ့အထိရှိတယ်ဆိုရင်တော့ ကျွန်တော် တို့က မဖြစ်မနေလုပ်မှာပေါ့။  ကျွန်တော်တို့အနေနဲ့လည်း အမှတ်တံဆိပ်မကပ်ထားတဲ့ အရက်၊ ဝိုင်နဲ့ စီးကရက် တွေ၊ ပြည်ပက တရားမဝင်တင်သွားလာတဲ့ ဘီယာတွေကို စျေးကွက်အတွင်းမှာ ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး သိမ်းဆည်းအရေးယူမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

ထိုသို့  အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ ဘီယာစသည့်တို့ကို ရှာဖွေသိမ်းဆည်း နိုင်ရန်အတွက် စျေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုအား အထူးကုန်စည်ဥပဒေတွင် အပ် နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly