Mulan ရုပ်ရှင်ဇာတ်ကား၏ ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရသည့် လုရီဖေး

Mulan ရုပ်ရှင်ဇာတ်ကား၏ ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရသည့် လုရီဖေး

 

ခရစ္စတယ်လုဟုလည်း လူသိများသည့် နာမည်ကျော်တရုတ်မင်းသမီး လုရီဖေးသည် ဒစ္စနေး၏နာမည်ကျော် ကာတွန်းဇာတ်ကောင်မူလန် ကို အသက်သွင်းရိုက်ကူးမည့် Mulan ရုပ်ရှင်၏   ခေါင်းဆောင်မင်းသမီးအဖြစ် အရွေးချယ်ခံခဲ့ရသည်။

ယင်းဇာတ်ကားကို Whale Rider နှင့် The Zookeeper’s Wife တို့ကဲ့သို့သော နာမည်ကျော်ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သည့် အမျိုးသမီးဒါရိုက်တာနစ်ကီကာရိုက ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထွက်ရှိရန်စီစဉ်ထား သည်။

၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့သည့် ကာတွန်းဇာတ်ကား Mulan သည် ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေ ၃၀၄.၃သန်း ရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပြီး ယခုအခါတွင် လူနှင့်အသက်သွင်းရိုက်ကူးရန် စီစဉ်ခြင်းဖြစ်သည်။

Mulan ရုပ်ရှင်အတွက်သင့်တော်မည့် သရုပ်ဆောင်ကြယ်ပွင့်မှာ ပျိုမျစ်နုနယ်ပြီး တရုတ်မျိုးရိုးမှ ဆင်းသက်လာသည့်မင်းသမီးဖြစ်ရမည်ဟု ဒစ္စနေးစတူဒီယိုကဆုံးဖြတ်ခဲ့ပြီး ယင်းဇာတ်ရုပ်အတွက် ထောင်နှင့်ချီသော အမျိုးသမီးများကို စမ်းသပ်ရွေးချယ်ခဲ့ပြီးမှ မင်းသမီးလုရီဖေးက ထိုက်ထိုက်တန်တန် သရုပ်ဆောင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ငါးရာစုနှစ်ခန့်က တရုတ်ပြည်၌ ဟွာမုလန်ဟုခေါ်သော မိန်းမပျိုလေးသည် မဖြစ်မနေစစ်မှုထမ်းရမည့်အမိန့် ရရှိခဲ့သည့် သူမ၏ဖခင်အစား သူမကိုယ်တိုင် ယောင်္ကျားတစ်ဦးကဲ့သို့ရုပ်ဖျက်ပြီး စစ်မှုထမ်းခဲ့ပုံအား Mulan ရုပ်ရှင်၌ မြင်တွေ့ရမည်ဖြစ်သည်။

ဒစ္စနေးစတူဒီယိုသည် လူနှင့်အသက်သွင်းမည့် Mulan ရုပ်ရှင်ကို Maleficent၊ Cinderella၊ The Jungle Book နှင့် ၂၀၁၇ ခုနှစ်၏ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့သော Beauty and the Beast တို့ကဲ့သို့ အောင်မြင်မှုရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ လောလောဆယ်တွင် ဒစ္စနေးစတူဒီယိုသည် တင်မ်ဘာတွန်ရိုက်ကူးပြီး ကောလင်းဖာရယ်လ်သရုပ်ဆောင်ထားသည့် Dumbo ဇာတ်ကားအတွက် ရိုက်ကူးရေးများ ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required