User ရဲ့ လှုပ်ရှားမှုတိုင်းကို ပုံရိပ်ဖမ်း လိုက်လုပ်နိုင်မယ့် လူပုံစံစက်ရုပ်ကို Toyota ထုတ်ဖော်ပြသ

User ရဲ့ လှုပ်ရှားမှုတိုင်းကို ပုံရိပ်ဖမ်း လိုက်လုပ်နိုင်မယ့် လူပုံစံစက်ရုပ်ကို Toyota ထုတ်ဖော်ပြသ

 

ဂျပန်မော်တော်ကားထုတ်ကုမ္ပဏီကြီး Toyota က ထူးခြားတဲ့ လူသားပုံစံ စက်ရုပ်တစ်ရုပ်ကို နိုဝင်ဘာ ၂၉ ရက်က ထုတ်ဖော်ပြသလိုက်ပါတယ်။ ယင်းစက်ရုပ်ကတော့ အသုံးပြုသူ user ရဲ့ လှုပ်ရှားမှုတွေကို ပုံရိပ်ဖမ်းပြီး လိုက်လုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကတော့ သက်ကြီး ပြုစုစောင့်ရှောက်ရေးနဲ့ သဘာဝဘေး တုန့်ပြန်ဖြေရှင်းရေးတို့လို လုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ ထုတ်ကုန်ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

T-HR3 စက်ရုပ်ကိုတော့ လက်မှာဝတ်ဆင်နိုင်တဲ့ စနစ်တစ်ခုနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ယင်းစနစ်ကြောင့် users တွေအနေနဲ့ ၎င်းတို့တွေရဲ့ ခြေလက်တွေကို လှုပ်ရှားလိုက်ရုံနဲ့ စက်ရုပ်က အချိန်နဲ့တပြေးညီ လိုက်လုပ်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်က တိုကျိုမှာ ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာ စက်ရုပ်ပြပွဲမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသော အရာတစ်ခုလည်းဖြစ်ပါတယ်။

Artificial Intelligence အပါအဝင် နည်းပညာတီထွင်ဆန်းသစ်မှုတွေထွန်းကားလာခြင်းကြောင့် မကြာသေးမီကာလတွေကလည်း လူသားပုံစံ စက်ရုပ်မော်ဒယ်တွေကို အများအပြားထုတ်လုပ်လာနိုင်ခဲ့ပြီး ယခု Toyota ရဲ့ စက်ရုပ်က နောက်ဆုံးထွက်ရှိလာတဲ့ စက်ရုပ်ဖြစ်ပါတယ်။

" သက်ကြီး ပြုစုစောင့်ရှောက်ရေးနဲ့ နေ့စဉ် ဘဝမှာ အထောက်အကူရဖို့အတွက် ဒါကို အသုံးပြုသွားနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်" လို့ Toyota ရဲ့ Partner Robot division အကြီးအကဲ Akifumi Tamaoki က ပြောပါတယ်။

" နည်းပညာအရတော့ ဒီစက်ရုပ်ကို လုပ်ငန်းခွင်တွေမှာ ၊ သဘာဝဘေးကျရောက်တဲ့ ဧရိယာတွေမှာနဲ့ ကမ္ဘာ့အပြင်ဘက် ဟင်းလင်းပြင်တို့မှာ အသုံးပြုနိုင်ပါတယ်" လို့ ဆိုပါတယ်။

သက်ကြီး လူဦးရေ အလျင်အမြန် တိုးပွားလာနေမှု ရှိနေတဲ့ ဂျပန်နိုင်ငံမှာ စက်ရုပ်တွေကို အသုံးပြုနိုင်မယ့် အလားအလာကောင်းတွေကို စက်ရုပ်ဖန်တီးသူလုပ်ငန်းတွေဘက်က ရှုမြင်နေကြပြီး ယင်းဂျပန်မှာတော့ လူဝင်မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားတာကြောင့် လုပ်သား ရှားပါးမှုပြဿနာပါ ရှိနေတာဖြစ်ပါတယ်။

T-HR3 စက်ရုပ်ကတော့ အဆစ်ပေါင်း ၃၂ ဆစ်ပါ၀င်ပြီး လူသားတွေ လှုပ်ရှားသလိုမျိုးပဲ ချောမွေ့စွာ လှုပ်ရှားနိုင်ပါတယ်။ ယင်းအပြင် ခြေတစ်ချောင်းထောက် အနေအထားအတိုင်းနဲ့လည်း ဟန်ချက်ထိန်းနိုင်ပါသေးတယ်။ စက်ရုပ်မှာ တပ်ဆင်ထားတဲ့ ဆင်ဆာတွေကတော့ လူသား ဒါမှမဟုတ် အရာဝတ္ထုတွေအပေါ် ဘယ်လောက်အားများများ အသုံးပြုသင့်သလဲ ဆိုတာကိုပါ တွက်ချက်စစ်ဆေးနိုင်ပါသေးတယ်။

ဦးခေါင်းမှာ တပ်ဆင်တဲ့ display တစ်ခုကြောင့် user တွေအနေနဲ့ အဖြူ၊ အနက် စက်ရုပ်ရဲ့ ရှုထောင့်နေရာကနေ ကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်။ အဖြူအနက် စက်ရုပ်ကတော့ အမြင့်  ၁ ဒသမ ၅၄ မီတာနဲ့ အလေးချိန် ရ၅ ကီလို ရှိပါတယ်။

ယင်း T-HR3 စက်ရုပ်ကို ရောင်းချဖို့အစီအစဉ် လက်တလောမရှိသေးဘူးလို့ Toyota က ပြောပါတယ်။ စက်ရုပ်ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း ထုတ်ဖော်သွားခြင်း မရှိပါဘူး။

၂၀၀၄ ခုနှစ်ကတော့ ကုမ္ပဏီအနေနဲ့ Honda နဲ့ Sony လိုမျိုး စက်ရုပ်နည်းပညာရှေ့ပြေးကုမ္ပဏီတွေကို အမှီလိုက်နိုင်ဖို့အတွက် ယင်းရဲ့ပထမဆုံးသော လူသားစက်ရုပ်ဖြစ်တဲ့ ခရာမှုတ်နေတဲ့ စက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါသေးတယ်။

နောက်သုံးနှစ်အကြား ကားထုတ်လုပ်သူကုမ္ပဏီအနေနဲ့ တယောထိုးနိုင်တဲ့ နောက်စက်ရုပ်ကို ဖန်တီးခဲ့ပါတယ်။ နိုင်ငံရဲ့ လူအဖွဲ့အစည်းအတွင်း လူသားတွေကို အကူအညီဖြစ်စေနိုင်မယ့် အနာဂတ် စက်တွေထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ယင်းနိုင်ငံရဲ့ အကျော်ကြားဆုံး စက်ရုပ်ကတော့ Asimo ဖြစ်ပါတယ်။ ယင်းကတော့ Honda က ထုတ်လုပ်ထားတဲ့ အာကာသယာဉ်မှူး ပုံစံ စက်ရုပ်ဖြစ်ပါတယ်။ ယင်းကိုတော့ ရုံးဝန်ထမ်းတစ်ဦးအနေနဲ့  ငှားရမ်းထားပါတယ်။

ဒါ့အပြင် ဂျပန်ရဲ့ SoftBank ကလည်း Pepper လို့ခေါ်တဲ့ လူတွေလို စကားပြောနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါသေးတယ်။ ယင်းကိုတော့ ကမ္ဘာတစ်ဝှမ်း အလုပ်ခွင်တွေထဲမှာ မိတ်ဆက်ပေးထားပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required