မြေယာသိမ်းဆည်းထားမှုများ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဟင်္သာတတွင် ဆန္ဒဖော်ထုတ်

မြေယာသိမ်းဆည်းထားမှုများ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဟင်္သာတတွင် ဆန္ဒဖော်ထုတ်

ပုသိမ်၊ သြဂုတ် ၁၇ ။      ။ ဟင်္သာတမြို့တွင် မြို့ကွင်းမြစ်ရေတင် စီမံကိန်းတည်ဆောက်ရန်  သိမ်းဆည်းထားသည့် မြေယာနစ်နာမှုများအတွက် မြေယာဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်သူလယ်သမား ၃၀၀ ခန့်က ဟင်္သာတမြို့တွင် သြဂုတ် ၁၇ ရက်တွင် တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် မြို့ကွင်း မြစ်ရေတင်စီမံကိန်းကြောင့် နစ်နာမှုများအား မြေယာဥပဒေနှင့်အညီ ဆောင်ရွက် ပေးရေး၊ မြေယာဥပဒေနှင့်အညီ သတ်မှတ်သည့် သီးနှံလျော်ကြေး ရရှိရေး၊ ပြည်သူများ နစ်နာမှု မရှိစေရန် အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်မပေးသည့် တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူပေးရေး စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ် တောင်းဆိုရမှုနှင့် ပတ်သက်ပြီး လယ်မြေ လေးဧက ကျော်သိမ်းခံရသူ ဦးပြေငြိမ်းက "ကျွန်တော် သိမ်းဆည်းခံခဲ့ရတဲ့ လယ်မြေတွေ ထိုက်တန်တဲ့လျော်ကြေး ရဖို့တောင်းဆိုတာပါ"ဟု မဇ္ဈိမကို ပြောသည်။

ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၁  ခုမှ တောင်သူ  ၆၀၅ ဦးပိုင် လယ်မြေ ၅၆၆.၈၃ ဧက အား ၂၀၀၃ ခုနှစ်တွင်သိမ်းဆည်းခဲ့ပြီး၊ မြို့ကွင်း မြစ်ရေတင်စီမံကိန်းအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြစ်ရေတင်စီမံကိန်းမှာ ငဝန်မြစ်ရေကို စုပ်ယူ၍ စိုက်ပျိုးမြေဧက  ၉ဝဝဝ အား ရေပေးဝေရန်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစသ်ည်။

အဆိုပါ သိမ်းဆည်းခဲ့သည့် လယ်မြေများအတွက် သီးနှံနှင့် မြေယာလျော်ကြေး အဖြစ် ကျပ်သိန်း  ၁၂၂၂၇.၅၈  ပေးလျော်နိုင်ရန်  ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက အထက်အဆင့်ဌာနများသို့ တင်ပြထား ပြီးဖြစ်ကာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက စီမံကိန်းတွင် အသုံးမပြုသော လယ်မြေဧက  ၂.၁ဝ ဧက အတွက် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနက တောင်သူ သုံး ဦးထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ဟင်္သာတ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly