လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စရင်းတင်ထားသူများ ကိုယ််တိုင် စိစစ်ရန် တိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စရင်းတင်ထားသူများ ကိုယ််တိုင် စိစစ်ရန် တိုက်တွန်း

သြဂုတ် ၁၇ ။      ။ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်တင်သွင်းရာတွင် မှန်ကန်မှုရှိစေရေးအတွက် ကိုယ်တိုင်သွားရောက်စိစစ်ပေးကြရန် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် UEC က တိုက်တွန်းသည်။

မဲဆန္ဒနယ်တစ်ခုတည်းအတွက်ပင် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ အမည်စာရင်းတင်သွင်းသူ နှစ်ဦးရှိနေသည်ကို တွေ့ရှိရသည်ဟု UEC က စိစစ်တွေ့ရှိရသည်ဟု သိရသည်။

ထို့ပြင် လွှတ်တော်မဲဆန္ဒနယ်တစ်ခုတွင် ဝင်အရွေးခံရန် အမည်တင်သွင်းပြီးမှ ယင်းအမည်တင်သွင်းလွှာကို ရုပ်သိမ်းပြီး အခြားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း ထပ်မံတင် သွင်းမှုများကိုလည်း တွေ့ရသည်ဟု UEC က သြဂုတ် ၁၆ ရက်စွဲပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးတို့က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ရာ၌ "မှန်ကန်မှုရှိစေရေး၊ နှောင့်နှေးကြန့်ကြာမှု မရှိရေး၊ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများ နစ်နာမှုမရှိရေး" တို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုယ်တိုင် အလေးထားသွားရောက်စိစစ်ကြရန် တိုက်တွန်းခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်းများကို သက်ဆိုင်ရာရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၂၇ ရက်နေ့အထိ ၁၀ ရက်ကြာ စိစစ်သွားမည် ဟုပြည်ထောင်စုရွှေးကောက် ပွဲကော်မရှင်က သြဂုတ် ၃ ရက်နေ့က ပြောင်းလဲပြင်ဆင်ပြီး ထုတ်ပြန်ခဲ့သည်။

အမည်စာရင်းတင်သွင်းလွှာများကို စိစစ်သည့်နေ့ရက်၊ အချိန်နှင့် နေရာသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ သက်ဆိုင်ရာရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းအသီးသီးက ဤကိစ္စအတွက် စာဖြင့်တာဝန် လွှဲအပ်ထားသူ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ကူညီရန် ယင်းအဖွဲ့ခွဲက တာဝန်ပေးအပ်ခြင်း ခံရသူများနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ သွားရောက်ခွင့်ရှိသည်ဟု လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၂၆ တွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးရက်မှာ ယနေ့ သြဂုတ် ၁၇ ရက်နေ့ ဖြစ်သည်။ ၂၀၁၅ အထွေထွေရွှေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်သူ့ လွှတ်တော် ၁၇၇၂ ဦး၊ အမျိုးသားလွှတ်တော် ၉၁၃ ဦး၊ တိုင်း/ ပြည်နယ် လွှတ်တော် ၃၅၀၄ (တိုင်းရင်းသားလူမျိုးလွှတ်တော် ၁၆၃ ဦး အပါအဝင်) စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၁၈၉ ဦးရှိသည်ဟု UEC က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly